ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် ၆ သောင်းကျော်မှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း စစ်ဘေးရှောင်စခန်း တာဝန်ခံတွေဆီက သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ အာရက္ခတပ်တော် AA က ၁၀၂၇ စစ်ဆင်ရေးကို ရခိုင်တစ်ပြည်နယ်လုံးမှာ စတင်ဖော်ဆောင်ချိန်မှာ ထွက်ပြေးလာကြတာဖြစ်ပြီး လက်ရှိမှာ ၁ နှစ်ကျော်ကြာမြင့်လာခဲ့ပြီးလည်း ဖြစ်ပါတယ်။
လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေဟာ ထင်းခုတ်၊ ဝါးခုတ်၊ ဟင်းရှာ စတဲ့အလုပ်တွေကို ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြရတာလည်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံ အလုပ်အကိုင်ရှားပါးတာကြောင့် စစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတွေက နေအိမ်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားလာကာ တောင်းရမ်းစားသောက်မှုတွေ ရှိတယ်လို့လည်း ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။
“အရင်တုန်းက ထင်းခုတ်၊ ဝါးခုတ်၊ ဟင်းရှာပြီးတော့ လုပ်ကိုင်စားသောက်လို့ရပါသေးတယ်။ အခုတော့ စစ်ဘေးရှောင်တွေလည်း စခန်းတွေမှာ တိုးလာတော့ ရှာတဲ့သူတွေကလည်း များလာတယ်။ ထင်းတွေကလည်း အရင်လိုမရှိတော့ဘူး။ ရှားပါးလာပါတယ်။ တစ်နေ့စားရဖို့အတွက် တောင်တွေအသီးသီးကို ကျော်ဖြတ်ပြီး ရှာဖွေမှရပါတယ်”
လို့ ပုဏ္ဏာကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ဘူးသီးတောင် စတဲ့မြို့နယ်တွေက စစ်ဘေးတိမ်းရှောင်လာကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှာ တဲအိမ်တွေဆောက်လုပ်ကာ နေထိုင်နေကြရတာဖြစ်ပြီး တစ်ချို့မှာလည်း စစ်ဘေးရှောင်စခန်းအသီးသီးမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ တစ်နေ့လုပ်မှ တစ်နေ့စားသောက်ရတာကြောင့် နေမကောင်းဖြစ်လာလျှင်လည်း သောက်သုံးမဲ့ဆေးဝါးတွေကအစ မတတ်နိုင်ဘူးလို့လည်း သိရပါတယ်။
“အခုက နေရာတိုင်းလိုလိုမှာ ပစ္စည်းတွေက ဈေးကြီးနေတော့ စစ်ဘေးရှောင်တွေ အများစု နေမကောင်းဖြစ်ရင် ဆေးသောက်ဖို့အတွက် ငွေကြေးက မတတ်နိုင်ကြဘူး ဖြစ်နေတယ်။ တစ်နေ့လုပ်မှတစ်နေ့ စားသောက်နေရတာပါ။ အလုပ်မလုပ်နိုင်တဲ့ နေ့တွေဆိုရင် ထမင်းငတ်တာတွေ များပါတယ်။ အခုက အကူအညီအထောက်အပံ့တွေ မရတာလည်း ကြာပါပြီး”
လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ရခိုင်က စစ်ဘေးရှောင်တွေကို နိုင်ငံတကာလူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေ အနည်းငယ်ရှိခဲ့ပေမဲ့လည်း လက်ရှိမှာ လုံးဝပြတ်တောက်သွားတယ်လို့လည်း သိရပါတယ်။
စစ်ရေးပဋိပက္ခနဲ့အတူ လမ်းခရီးပိတ်ဆို့ခံထားမှု၊ နိုင်ငံတကာ အကူအညီ ရန်ပုံငွေတွေဖြတ်တောက်ခံထားရမှုကြောင့် ရခိုင်က ဒေသခံတွေမှာ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေ များပြားလာတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်အတွင်းမှာ စားနပ်ရိက္ခာဖူလုံမှုအခြေအနေ ဟာ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာတစ်ခုကို ရောက်ရှိနေတာဖြစ်ပြီး အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင် မစားသုံးနိုင်တဲ့ မိသားစုအရေအတွက် မှာလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ၃၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခုအခါမှာတော့ ၅၇ ရာခိုင်နှုန်းအထိရောက်ရှိနေပြီး ဖြစ်တယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုထားပါတယ်။
လက်ရှိ ရခိုင်ပြည်မှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်ရှိနေတာဖြစ်ပြီး သူတို့မှာ စားဝတ်နေရေး၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေကြတာလည်း ဖြစ်ပါတယ်။