ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကို စစ်ကောင်စီက ကုန်ပစ္စည်းအဝင်အထွက် ကန့်သတ်လိုက်ပြီး နိုင်ငံခြားကနေတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တောင်ကြီးမြို့သို့ သယ်ဆောင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ဩဂုတ်လ တတိယပတ်ကစလို့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့မြို့တော်၊ တောင်ကြီးမြို့ကို ကုန်အဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်/ကား တာယာ၊ ကျွတ်၊ ဆေးဝါး၊ ပဲနို့၊ ထိုင်းခေါက်ဆွဲခြောက်၊ ဂျုံမှုန့်၊ အာဟာရဖြည့်စွက်စာများ၊ ဓာတုပစ္စည်း၊ စီးကရက်၊ ကွန်ပျူတာ၊ ဖုန်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ဘတ္ထရီ၊ ဖိနပ်၊ စားသောက်ကုန်ပစ္စည်းမျိုးစုံတို့ကို တင်သွင်းခွင့်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
“ဒီလိုကန့်သတ်လိုက်တာကြောင့် တောင်ကြီးမှာ Mevius ဆေးလိပ်တစ်ဘူးကို ၁၀၀၀၀ထိ ဈေးပေါက်နေပါတယ်။ တခြားကုန်ပစ္စည်းတွေလည်း ဈေးတက်နေပါတယ်။”
ဟု တောင်ကြီးမြို့မှ ဒေသခံတစ်ဦးကပြောပါတယ်။
“လူကြီးအာဟာရဖြည့်စွက်စာ(Ensure)ဘူးတွေလည်း ဈေးအဆမတန်တက်နေတာကြောင့် မဖြစ်မနေ လိုအပ်သူတွေက ဝယ်ယူစုဆောင်းတာတွေ ဖြစ်ပေါ်နေပါတယ်။ ဘူးအသေးတစ်ဘူးကို တစ်သိန်းဝန်းကျင်အထိ ဈေးတက်နေပါတယ်”
လို့ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း BBM ကိုပြောပါတယ်။ ဒီလိုပိတ်ပင်တဲ့နေရာမှာ အလုံးအရင်းတင်ပို့မှုတွေကို ပိတ်ပင်တဲ့အပြင် အသေးစား Delivery Service တွေက တဆင့် ပို့ဆောင်မှုတွေကိုပါ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဟာ နိုင်ငံခြားငွေ ကုန်ကျမှု လျှော့ချနိုင်ဖို့ ပြည်ပAir Cargo ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပြီးမြေပြင်ကုန်သွယ်ရေးမှာလဲ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုလိုပိတ်ပင်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
ပုံ-ကျွဲတပ်ဆုံဂိတ်မှာ စစ်ဆေးခံဖို့ တန်းစီနေကြတဲ့ ကားများကိုတွေ့ရစဉ်။(ပုံအဟောင်း)