Sunday, December 21, 2025
Home » မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဉ် ၂ စီးကို RPG ၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဉ် ၂ စီးကို RPG ၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်

0 25
25

🟥စစ်‌ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပေါ်မှာ စစ်ကောင်စီ ယာဉ် ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force – MMU မှ တာဝန်ရှိသူက BBM ကို ပြောပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ မြောင်လမ်းခွဲအထိုင်စခန်းမှ ထွက်လာတဲ့ အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီ ကား ၂ စီးကို RPG နဲ့ စတင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမှာ လုံးဝပျက်စီးသွားပြီး မျက်မြင် ၅ ဦးထက်နည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အခုဖြစ်စဉ်မှာ ဆိုရင် Alphard ၁ စီးရယ်၊ 4 Wheel ၁ စီးရယ် အင်အား ၂၅ လောက်နဲ့ ရှေ့မှာလမ်းဘေးဝဲယာတွေကို Gun နဲ့ပစ်ပြီးတော့ ကား ၂ စီးက နောက်ကလိုက်လာတာတွေရှိတယ်၊ ပထမဆုံးကားကို RPG နဲ့ ထုလိုက်တာ ထိသွားပြီးတော့ ကားပေါ်မှာ ဘာမှပြန်ပြီးတော့ မလုပ်နိုင်ဘဲနဲ့ အောက်မှာ ခြေလျင်လျှောက်လာတဲ့ စခတွေနဲ့ တိုက်ခိုက်မှုဖြစ်တာပေါ့”

လို့ မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက BBM ကိုပြောပါတယ်။ မြင်းမူမြို့နယ်အတွင်းမှာ အလ္လကပ္ပမှ မုံရွာ-မန္တလေးလမ်းတလျှောက် ဒို့မြန်မာကျော်ဆီဆိုင်၊ ရေဦးဆီဆိုင်၊ မြောင်လမ်းခွဲ စတဲ့နေရာတွေမှာ စစ်ကောင်စီက တခုနဲ့တခု နီးကပ်စွာတပ်စွဲထားတာတွေရှိသလို အဲဒီအထိုင်စခန်းတွေမှ အင်အားတွေက ကင်းပုန်းထွက် ပိုက်ဆံကောက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ တက်ပြီးတော့ ကားတွေကို သိမ်းမယ်လုပ်တဲ့အချိန်မှာ မြင်းမူကနေပြီးတော့ ကား ၂ စီးထွက်လာတာတွေရှိတယ်၊ အဲဒီမှာ ရဲဘော်ထိထားတဲ့ အနေအထားတွေရော၊ ကျည်အခက်အခဲရှိတာတွေရော ဆိုတော့ လက်နက်တွေကတော့ အကုန်လုံး မကောက်နိုင်ဘူးပေါ့၊ အလောင်းတွေပုံနေတာတွေ ရုပ်သံဖိုင်တွေမှာ ရှိတယ်”

လို့ ဆက်လက်ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာရတဲ့အပြင် MA11 ၂ လက်၊ ကျည်ဘောက် ၁ ခုနဲ့ အီနာဂါဗုံးသီး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

“ခွေးသေဆုံးမှုကတော့ ကျနော်တို့ ဒီဖြစ်စဉ်မှာ ဖြစ်နေတုန်းကတော့ ကျနော်တို့ မျက်မြင်ကို ကားပေါ်မှာပါလာတဲ့ ကားသမားရယ်၊ Alphard ထဲကတော့ အကုန်သေသွားပြီးတော့၊ ကျန်တဲ့ လမ်းလျှောက်လာတဲ့ ၂ ကောင်ဆိုတော့ ဖြစ်စဉ်မှာ ၅ ကောင်မျက်မြင်သေတာပေါ့၊ ဒဏ်ရာရတာကတော့ အများအပြား ဒဏ်ရာရတယ်၊ မြေပြင်သတင်းပို့တာက ဆေးရုံမှာ နောက်ထပ် ခွေး ၃ ကောင်ထပ်သေတယ်၊ ကုသနေချိန်မှာ နောက်ထပ် ၅ ကောင်ထပ်သေတာ”

လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အများအပြားထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တဲ့အတွက် တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေတွေကို လုပ်နိုင်တဲ့အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နေပြီး ပြည်သူလူထုအနေနဲ့ စစ်ရေးဖြစ်စဉ်တွေ ဖြစ်နေတဲ့အချိန်မှာ အကုန်လုံးက စစ်ရေးအသိသတိရှိဖို့‌နဲ့ အသွားအလာတွေ ဂရုစိုက်ကြဖို့ကိုလည်း Black Eagle Defence Force – MMU က အသိပေးထားပါတယ်။

“အခုဖြစ်စဉ်အပြီး ရဲဘော်တွေဆုတ်လာတဲ့အချိန်မှာလဲ သူတို့က သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း ပြည်သူကိုအဓိကထားပြီးတော့ အကြောင်းမဲ့လိုက်ပစ်တာတွေရှိပါတယ်၊ သူတို့အထိုင်တွေကနေ ဆိုင်ကယ်စီးသွားတာတွေကို ရမ်းသမ်းပစ်ခတ်တာတွေရှိပါတယ်”

လို့ အဆိုပါတပ်မှ တာဝန်ရှိသူက အသိပေးပြောဆိုပါတယ်။ အဆိုပါစစ်ဆင်ရေးကို မြင်းမူမြို့နယ် ပကဖ တပ်ဖွဲ့ဦးဆောင်ပြီး Black Eagle Defence Force (MMU)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ(၂)၊ အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦးတိုက်နယ်တပ်ဖွဲ့၊ မြင်းမူမြို့နယ် ပလဖ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော် တစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

Leave a Comment

Latest Post

Latest Post