စစ်ကောင်စီဟာ လာမဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို စတင်ကျင်းပမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီမြို့နယ်တွေအထဲမှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် ၃ ခု ပါဝင်နေတာဖြစ်ပြီး ကျန်တဲ့မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပြီးပါတယ်။
စစ်ကောင်စီက ကျင်းပပြုလုပ်မဲ့ လာမဲ့ရွေးကောက်ပွဲအတွက် ရခိုင်က ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနဲ့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ယှဥ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် AA ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဆိုပါမြို့နယ်တွေက ကျေးရွာတစ်ချို့ကိုလည်း AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီဟာ ရခိုင်က စစ်တွေနဲ့ ကျောက်ဖြူမြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်တော့တာ ဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ ကျင်းပမဲ့ရွေးကောက်ပွဲဟာ ရခိုင်တစ်ပြည်နယ်လုံးကို ကိုယ်စားမပြုနိုင်ဘူးလို့လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
“အခုကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိနေတာကတော့ မြို့နယ် ၁၇ မြို့နယ်ပါ။ ဒီနေ့အချိန်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေရာတွေ ဆိုလိုမြို့နယ် ၃ မြို့နယ်ပဲ ကျန်တော့တယ်။ ကျောက်ဖြူမှာဆိုရင် မြို့ပေါ်ကွက်ကွက်လေးပဲ ကျန်တော့တယ်။ အဲဒီလိုနေရာမျိုးမှာ သူတို့ကရွေးကောက်ပွဲ ကျင်းပမယ်လို့ကြေညာလာတယ်။ ဆိုတော့ အဲဒီမြို့နယ်တွေကပဲ ဘယ်လိုနည်းနဲ့ ရခိုင်ပြည်ကို ကိုယ်စားပြုနိုင်မလဲပေါ့ မေးခွန်းထုတ်စရာတွေရှိလာတယ်” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
စစ်ကောင်စီက အခုကျင်းပမဲ့ အတုယောင်ရွေးကောက်ပွဲ ကို ရခိုင်ပြည်သူတစ်ရပ်လုံးက လိုလားမှုမရှိသလို နေ့စဥ်နဲ့အမျှ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့လည်း ရခိုင်ပြည်သူတွေက ပြောပါတယ်။
“ပြည်သူတွေကို နေ့စဥ်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်ပြီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရခိုင်ပြည်သူတွေက တစ်ယောက်မှ စိတ်ဝင်စားတာမရှိပါဘူး။ အခုက တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်အမြတ်ပြတ်ရေးအတွက် တိုက်ခိုက်နေတာဖြစ်တာကြောင့် ဘယ်ပြည်သူတစ်ယောက်မှလည်း ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ပါဘူး။ စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေက ပြည်သူတွေကိုပဲ ရွေးကောက်ပွဲအတွက် မဲပေးဖို့ဖိပေးအားပေးလာနိုင်ပါတယ်”
လို့ ရခိုင်ဒေသခံ တစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်အသိအမှတ်ရရှိထားတဲ့ ရခိုင်က ပါတီအနေနဲ့လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ညီညွှတ်ပြီးလားဆိုတာကို စစ်ဆေးရမှာဖြစ်ပြီး အနည်းဆုံးပါတီရုံးတွေကို မြို့နယ် ၅ ခုမှာ ဖွင့်လှစ်ရမှာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲမသာမှုတွေကို အကြောင်းပြပြီး အာဏာသိမ်းယူထားတာဖြစ်တဲ့အတွက် သူတို့ဆက်လက်ပြီး အာဏာကိုပြန်လည် ရယူဖို့အတွက် ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို အကြာင်းပြလာတာလို့လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
“ရွေးကောက်ပွဲကျင်းပနိုင်ရင် ပြီးရောဆိုပြီးတော့ စစ်ကောင်စီကလုပ်လာတာ ဖြစ်တယ်။ သူတို့က ရွေးကောက်ပွဲကနေ ထွက်ပေါက်ရရင် ပြီးရောဆိုတာမျိုးလုပ်လာတာမျိုးပေါ့။ နောက်ပြီး ရွေးကောက်ပွဲကို အပိုင်း ၁ ၊ ၂ နဲ့ဆိုပြီးလုပ်လာတယ်။ ပြောချင်တာက အပိုင်း ၂ ထက် အခုကျင်းပမဲ့ အပိုင်း ၁ ကိုပဲ အရင်ပြီးအောင် လုပ်ကြည့်ပါအုန်းလို့ ပြောချင်ပါတယ်။ နောက်ပြီး ရခိုင်မှာက အာရက္ခတပ်တော် အနေနဲ့လည်း ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြောကြားထားတာ ရှိပါတယ်။ အခုအချိန်မှာ ရခိုင်ပြည်သူတွေနဲ့ AA ကလည်း တစ်သားတည်းရပ်တည်နေတာပါ။ ဆိုတော့ AA တပ်တော် လက်မခံတဲ့ ရခိုင်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်”
လို့ ဦးမျိုးကျော်က ဆက်ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဆိုပါနေရာတွေမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
စစ်ကောင်စီက ကျင်းပပြုလုပ်မဲ့ လာမဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မဲ့ ရခိုင်က ဦးဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဗဟိုဌာနချုပ်ရုံးကို ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ဖွင့်လှစ်ကာ စတင်လှုပ်ရှားလာနေပြီးလို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပထမအပိုင်းကို ရခိုင်က မြို့နယ် (၃) မြို့၊ ကချင်က မြို့နယ် (၆) မြို့၊ကရင်နီက မြို့နယ် (၂) မြို့၊ ကရင်က မြို့နယ် (၃)မြို့၊ ချင်းက မြို့နယ် (၂)မြို့၊ စစ်ကိုင်းတိုင်းက မြို့နယ် (၁၂) မြို့၊ တနင်္သာရီတိုင်းက မြို့နယ် (၄) မြို့၊ ပဲခူးတိုင်းက မြို့နယ် (၈) မြို့၊ မကွေးတိုင်းက မြို့နယ် (၉) မြို့၊ မန္တ လေးတိုင်းကမြို့နယ် (၈)မြို့၊ မွန်က မြို့နယ် (၅) မြို့၊ ရန်ကုန်ကမြို့နယ် (၁၂) မြို့၊ ရှမ်းက မြို့နယ် (၁၂) မြို့၊ ဧရာဝတီတိုင်းက မြို့နယ် (၈) မြို့နဲ့ နေပြည်တော်က မြို့နယ် (၈) မြို့နယ် တို့မှာ ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပထမအပိုင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမဲ့ ရွေးကောက်ပွဲရက်တွေကိုလည်း ထပ်မံကြေညာပေးမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။