စစ်ကောင်စီစစ်ကြောင်းတွေက နွားထိုးကြီးမြို့နယ်၊ မလည်ကျေးရွာကို တစ်လအတွင်း စစ်ကြောင်းနှစ်ကြိမ်ထိုးပြီး အခု ဒုတိယအကြိမ်စစ်ကြောင်းထိုးရာမှာတော့ မလည်ရွာတစ်ရွာလုံးနီးပါးကို မီးရှို့နေတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၅ရက်ကစလို့ မလည်ရွာဝန်းကျင်ဒေသကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ သူစိုးရွာအနီး တိုက်ပွဲများအတွင်း အထိနာခဲ့ပြီးနောက် ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီနောက် ဩဂုတ်လ ၂၈ရက်နေ့မှာတော့ မြင်းခြံမြို့နယ် တောင်ခြမ်းက တောင်ရှေ့၊
ကျောက်တန်းစတဲ့ ရွာတွေဘက်ကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းပြန်လည် ရောက်ရှိလာခဲ့ပြီး အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ထို့နောက် ၎င်းစစ်ကောင်စီစစ်ကြောင်းဟာ တောင်သာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ်၊ တောင်သာတောင်ရဲ့ အရှေ့ဘက်ခြမ်းဒေသတွေကို ဆက်လက်ဦးတည် စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ်လ ၃၀ရက်နေ့မှာတော့ စိန်ပန်းကျင်းကျေးရွာကို ရောက်ရှိခဲ့ပြီး ရွာအတွင်း ဝင်ရောက်မွှေနှောက် လုယက်ခဲ့ပါတယ်။
ဩဂုတ်လ ၃၁ရက်နေ့မှာတော့ မလည်ကျေးရွာဘက်ကို ရောက်ရှိလာခဲ့ပြီး မလည်ရွာကို ရွာလုံးကျွတ်နီးပါး မီးတင်ရှို့ခဲ့ပြီး စစ်ကြောင်းနဲ့တွေ့တဲ့ ရွာသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
“ပထမတစ်ခါ ဝင်လာတုန်းက ရွာမှာတွေ့သမျှလူအကုန်ပစ်သတ်ခဲ့လို့ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးတဲ့လူ ၅ဦးနဲ့ အထက်အသတ်ခံခဲ့ရတယ်။ ရွာထဲက ပြည်သူ့အိမ်တွေက ဆန်တွေကို ရေလောင်းပြီး တမင်ဖျက်ဆီးခဲ့တယ်။ ရွာအနောက်ခြမ်းကိုလည်း မီးရှို့ခဲ့တယ်။ ဒီတခေါက်ကတော့ တစ်ရွာလုံးကိုရှို့တာ။ ဘုန်းကြီးကျောင်းရှေ့မှာ စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့တဲ့ ရွာသားတစ်ဦးအသတ်ခံရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ အကုန်စစ်ဘေးရှောင်နေကြရတာ”
ဟု မလည်ဒေသခံတစ်ဦးက BBMကို ပြောပါတယ်။
“အရင်တခေါက်ကတော့ မြင်းခြံအရှေ့ဘက် ဗလုံ၊ ကန်ဆင့်ရွာတွေဘက်ကနေ မလည်ကို ရောက်လာခဲ့တာ၊ ဒီတခေါက်ကတော့ မြင်းခြံ တောင်ဘက်ကြော တောင်ရှေ့၊ ကျောက်တန်းကတဆင့်ဝင်လာတာဖြစ်ပါတယ်။ အင်အား ၁၀၀ကျော်ပါတယ်လို့ သိရပါတယ်။ “
ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကလည်း ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ သီတာယုမွန်ရဲ့ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများ ပူးပေါင်းစစ်ကြောင်းထိုးခြင်းဖြစ်ပါတယ်။
ပထမတခါ စစ်ကြောင်းထိုးစဉ်က ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ကြောင်းပြန်ခဲ့ပြီး မြင်းခြံမြို့ပေါ်ပြန်ရောက်ချိန်မှာ မြို့လယ်ခေါင်လမ်းဘးမှာပဲ ခိုးရာပါငွေကြေးများကို ဝေစုခွဲခြင်း၊ ကြဲချခြင်းများ ပြုလုပ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ မလည်ရွာအရှေ့ဘက် ဒေသအခေါ် ကျောက်ဆည်ရွာအထိရောက်ရှိနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နီးစပ်ရာကျေးရွာတွေက ပြည်သူတွေကို လူသားဒိုင်းဖမ်းဆီးခြင်းများ၊ ၆၀မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိထားရှောင်ရှားထားကြဖို့ကိုလည်း နီးစပ်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
စစ်ကြောင်းတကြော့ပြန်ဝင်ရောက်လာမှုကြောင့် သူစိုး၊ မလည်၊ ကမ်းနား၊ ကျောက်ဆည်၊ စိန်ပန်းကျင်း၊ တောင်ရှေ့၊ ကျောက်တန်း၊ ဘကန် စတဲ့ကျေးရွာတွေက ပြည်သူပေါင်း ၅၀၀၀ကျော် စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
#BBM#News#UpdateNews#Juntacolumn#Junta