ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းအပါအဝင် စက်တပ်လေထီး ပါရာမိုတာတွေကို အသုံးပြုကာ AA ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နှမ်းဖဲတောင်နဲ့ မင်းတပ်တောင်ကျေးရွာအနီးက ကာကင်းစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေမှာ ဒီနေ့အချိန်ထိ ပြင်းထန်နေတယ်လို့လည်း AA စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို လေကြောင်းဗုံးကြဲချမှုအပါအဝင် သံဇစ်မြစ်အတွင်းက စစ်ရေးလှုပ်ရှားနေတဲ့ နေဗီတွေကလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
“ကျောက်ဖြူ တိုက်ပွဲကတော့ AA က ဆုတ်လိုက်၊ စစ်ကောင်စီက ဆုတ်လိုက်ဖြစ်နေပါတယ်။ တိုက်ပွဲကတော့ ဒီကနေ့အချိန်ထိပြင်းထန်နေပါတယ်။ စစ်ကောင်စီကလည်း လေကြောင်း၊ ဒရုန်း၊ ပါရာမိုတာ စက်တပ်လေထီးကိုပါ အသုံးပြုတိုက်ခိုက်လာနေပါတယ် ”
လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ် တစ်ဦးက BBM ကို ပြောပါတယ်။ အဆိုပါ နှမ်းဖဲတောင်နဲ့ မင်းတက်တောင် ကျေးရွာအနီးရှိကာကင်းစခန်းတွေကို အမှတ် ၃၂ ရဲတပ်ရင်းနဲ့ မလကျွန်းကျေးရွာရှိသဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT)အနီးက စစ်ကောင်စီက တပ်တွေက ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA က ဓညဝတီရေတပ်ဌာနချုပ်၊ မလကျွန်းကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT)အနီးနဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးက ကာကင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း အခုရက်ပိုင်းမှာ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေ ရှိလာနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း AA စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
“ကျောက်ဖြူမှာ AA ကလည်း လုံးဝနောက်မဆုတ်ပဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာရင် ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ပါတယ်။ အခုလည်းနောက်ထပ်စခန်းတွေကို သိမ်းပိုက်ဖို့အတွက် AA က ပြန်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်”
လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ဟာ ပျားတဲ၊ ကြတ္တိန်၊ သပြုတောင်၊ ကပ်သပြေ၊ ကုလာဘာကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ဓညဝတီရေတပ်ဌာနချုပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကလည်း အာရက္ခတပ်တော် AA သိမ်းထားတဲ့ လိပ်ခမော်ကျေးရွာကို ဒရုန်းအပါအဝင် ကြည်း၊ လေ၊ ရေ တွေကို အသုံးပြုပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် သြဂုတ် ၁၅ ရက်နေ့မှာ လိပ်ခမော်ကျေးရွာကနေ AA ဟာ ဆုတ်ခွာပေးလိုက်ရပေမဲ့ တဖန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သြဂုတ်လ ၂၉ ရက်နေ့မှာ AA ဟာ လိပ်ခမော်ကျေးရွာကို ပြန်လည်ထိန်းချုပ်
နိုင်ခဲ့ပါတယ်။
ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက စစ်ဘေးတိမ်းရှောင်သူဦးရေ ငါးသောင်း(၅၀,၀၀၀) ကျော်အထိ ရှိလာနေပြီးလည်း ဖြစ်ပါတယ်။