ဖားကန့်အောင်သာယာရွာကို စစ်တပ်မှသေနတ်ပစ်ဖောက်စစ်ကြောင်းထိုးနေသလို မရှီကထောင်ရပ်ကွက်အတွင်းလည်း တိုက်ပွဲဖြစ်ပွါး
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် စစ်ရေးအခြေအနေများ ရှုပ်ထွေးမှုရှိတာကြောင့် မြို့ပေါ်စာသင်ကျောင်းများအားလုံးကို တစ်ပတ်တိတိ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် စက်တင်ဘာလ (၂)ရက်(ဒီနေ့)မှ စတင်ကာ ဖားကန့်မြို့ပေါ်မှာရှိတဲ့ မြို့နယ်ပညာရေးမှူးရုံးနဲ့တွဲလျက်ဖွင့်ထားတဲ့ ဖားကန့် (အ.ထ.က) ကျောင်းအပါအဝင် မြို့ပေါ်ကျောင်းအားလုံးကို တစ်ပတ်တိတိ ပိတ်လိုက်တယ်လို့သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖားကန့်မြို့ပေါ်အတွင်း စစ်ကောင်စီယန္တရားအောက်မှ စာသင်ကျောင်းများဟာ ပုံမှန်လည်ပတ်လျက်ရှိပေမဲ့လည်း မြို့ပေါ်မှာတိုက်ပွဲဖြစ်ပွါးတဲ့ကာလတွေနဲ့ စစ်ရေးတင်းမာတဲ့ကာလတွေမျိုးမှာ ယခုကဲ့သို့ စာသင်ကျောင်းများကို ယာယီပိတ်တာမျိုး ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါမြို့ပေါ်ရှိစာသင်ကျောင်းများအတွင်း ဒေသခံပြည်သူတွေရဲ့ကလေးတွေသာမက စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သားသမီးတွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။
“တိုက်ပွဲအခြေအနေကြောင့် ကျောင်းတွေခဏပိတ်ထားပါတယ်၊ ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီ ကျောင်းတွေက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတောက်လျှောက်ဖွင့်လာတာပဲလေ ၊ ဒီလိုပဲ ခဏခဏတိုက်ပွဲတွေဖြစ်ပြီဆို ၊ တစ်ပတ်တစ်လေပိတ်တာရှိတယ်၊ အရမ်းကြီးဆိုးတာမျိုးဆိုရင်တော့ ၁၅ရက်လောက်ပိတ်ကြတယ်၊ ယာယီပေါ့ လုံးဝပိတ်လိုက်တာမျိုးတော့မရှိပါဘူး”
ဟု ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ ဖားကန့်မြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေတစ်လျှောက် ယခုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်ပြီး ပြည်သူလူထုအချို့လည်း စစ်ဘေးရှောင်ရတာတွေရှိနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တို့ ဖားကန့်မြို့နယ် မရှီကတောင် ရပ်ကွက်အတွင်း တိုက်ပွဲ ဖြစ်ပွါးခဲ့တာကြောင့် ပြည်သူအချို့ ထိခိုက်မှုရှိပြီး တိမ်းရှောင်တာတွေပြုလုပ်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲနဲ့ဝေးတဲ့ မရှီကတောင်
ရပ်ကွက်အတွင်းမှ ပြည်သူအချို့ကလည်း လက်ရှိအခြေအနေအထိ စစ်ရေးတင်းမာမှုတွေရှိကာ တိုက်ပွဲပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်တာကြောင့် ကြိုတင်ရွှေ့ပြောင်းမှုတွေလုပ်နေတယ်လို့လည်း မရှီကထောင်ရပ်ကွက်နေ ပြည်သူတစ်ဦးမှ BBM ကိုအတည်ပြုပြောပါတယ်။
” ပြည်သူတွေကတော့ ရှောင်တဲ့သူကရှောင်ပြီး၊နေတဲ့သူတွေလည်း နေနေကြတုန်းပါ၊ လောလောဆယ်တော့ တိတ်ဆိတ်နေတာပဲ ၊ ရပ်ကွက်ထဲအသွားအလာကိုမရှိဘူး”
ဒါတင်မကသေးဘဲ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုဟာလည်း ဒီနေ့မနက်ပိုင်းမှာ မှော်စီစာကျေးရွာအပိုင်းမှာရှိတဲ့ အောင်သာယာရွာထဲကို သေနတ်ပစ်ဖောက်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းအနေနဲ့ KPDF ဝတ်စုံများဝတ်ဆင်ကာ စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်သွားတာမျိုးတွေလုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့လည်း BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
“ဒီမနက် အောင်သာယာကိုစစ်ကြောင်းထိုးတာရှိတယ် ၊သေနတ်တွေဖောက်ပြီးကို ထိုးလာတာ၊ ပုံမှန်ပြည်သူတွေကတော့ စစ်ကြောင်းလာရင် အိမ်ထဲပဲ ပုန်းနေလေ့ရှိတယ်၊ မသိလို့ လမ်းတွေထွက်မိရင်လည်း စစ်ကြောင်းကတွေ့တာနဲ့ မှောက်ခိုင်းထားတာ”
ဖားကန့်မြို့နယ်အတွင်းကို စစ်ကောင်စီရဲ့ တပ်မ(၃၃) အဓိကပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းများဖြင့် ဖြန့်ခွဲစစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ဖားကန့် လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာ၊အမှိုက်ပုံဒေသနဲ့ အနီးနားကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။