Monday, December 22, 2025
Home » နွားထိုးကြီးမြို့နယ်၊ သူစိုးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်ဖောက်ထွင်းပြီး မီးတင်ရှို့

နွားထိုးကြီးမြို့နယ်၊ သူစိုးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်ဖောက်ထွင်းပြီး မီးတင်ရှို့

0 21
21

စက်တင်ဘာလ ၂ရက်၊ မနေ့က မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ နွားထိုးကြီးမြို့နယ်၊ သူစိုးရွာအတွင်းမှ ပြည်သူ့နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းခိုးယူပြီးနောက် သူစိုးရွာကို မီးတင်ရှို့နေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃၁ရက်နေ့ကစလို့ မလည်ကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကြောင်းဟာ မလည်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ ၂ရက်နေ့မှာ သူစိုးရွာဘက်ကို ရောက်ရှိလာခဲ့ပြီး ပြည်သူ့အိမ်များကို တစ်အိမ်ချင်းဖောက်ထွင်းခိုးယူခဲ့ပြီး မနက် ၁၀နာရီမှာ တစ်ကြိမ်၊ ညနေ ၃နာရီခန့်မှာ တကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“မြင်းခြံက သီတာယုမွန်ပျူတွေ ကန်ဆင့်ရွာဘက်ကနေ ကားနှစ်စီးနဲ့ ခိုးရာပါပစ္စည်းသယ်ဖို့ ထပ်ရောက်လာတယ်။ သူတို့(စစ်ကောင်စီစစ်ကြောင်း)က တွေ့သမျှလူအကုန် ပစ်သတ်နေတာဆိုတော့ ပြည်သူတွေ ထွက်ပြေးနေကြရတာပေါ့။ ဒီလိုပြေးနေကြရတာကို အခွင့်ကောင်းယူပြီး လူမရှိတဲ့အိမ်တွေကို ဝင်ဖောက်ကြတာ”

ဟု သူစိုးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၃၁ရက်နေ့ကစလို့ မြင်းခြံနယ်နဲ့ နွားထိုးကြီးနယ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံမြင်းခြံပျူစောထီးတွေဟာ သူတို့ရောက်ရှိရာ ကျေးရွာတွေမှာ မဲမဲမြင်ရာပစ်ခတ်သတ်ဖြတ်လေ့ရှိတာကြောင့် ဒေသခံပြည်သူလူထု‌တွေဟာ စစ်ဘေးရှောင်နေရတာဖြစ်ပြီး လက်ရှိအချိန်ထိ ကျေးရွာအချို့မှာ စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။

“မီးခိုးတွေတက်လာတာမြင်လို့ ထန်းပင်ပေါ်တက်ကြည့်တော့ ပျူစောထီးတွေက ရွာထဲကအိမ်တွေကို တအိမ်ချင်း မီးလိုက်ရှို့ရင်း‌ ဖောက်ထွင်းခိုးယူနေတာ မြင်ရပါတယ်။ နှစ်ကြိမ်ခွဲပြီး မီးရှို့တာမှာ သူစိုးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။ မီးရှို့တဲ့နေရာမှာ တစ်အိမ်ချင်းကို ပတ်ရှို့နေတာ။ ပျူစောထီးတွေက ကားနှစ်စီးနဲ့ သူတို့ခိုးထားတဲ့ပစ္စည်းတွေ လာသယ်သွားပါတယ်။ အကုန်စစ်ဘေးရှောင်နေကြပါတယ်။ ရွာထဲမှာ လူမကျန်ခဲ့ပါဘူး”

ဟု ဒေသခံအမျိုးသမီးတစ်ဦး BBMကို ပြောပါတယ်။ အဆိုပါ စစ်ကြောင်းဟာ သူစိုးရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် သူစိုးရွာရဲ့ အနောက်တောင်ဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေက တဆင့် သိရပေမယ့် BBMအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

မြင်းခြံမြို့ပေါ်က သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေကို စစ်ကောင်စီက လစာသီးသန့်ပေးထားခြင်းမရှိဘဲ မြို့အဝင်ဂိတ်‌တွေမှာ ဂိတ်ကြေးကောက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ခြင်း၊ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးတော့ ပစ္စည်းတွေ ခိုးယူခြင်းဖြင့် ရပ်တည်နေကြတယ်လို့လည်း သိရှိရပါတယ်။

ပုံ-CJ

#BBM#News#UpdateNews#Myingyan#Junta

Leave a Comment

Latest Post

Latest Post