Monday, December 22, 2025
Home » စကစ က ဂုတ်တွင်းတံတားကိုပြင်ပြီး ကျောက်မဲထိုးစစ်အတွက် ပိုမိုပြင်ဆင်လာ

စကစ က ဂုတ်တွင်းတံတားကိုပြင်ပြီး ကျောက်မဲထိုးစစ်အတွက် ပိုမိုပြင်ဆင်လာ

0 20
20

🟥စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းအချို့လည်း နောင်ပိန်ရွာကိုကျော်နေသလို၊ ကျောက်မဲအနီးထိ စကစ ဒရုန်းရောက်ရှိနေ

စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားကို သိမ်းပိုက်ရရှိပြီးနောက် အဆိုပါတံတားကိုပြုပြင်ကာ ကျောက်မဲမြို့ထိုးစစ်အတွက်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ၃၀ရက်နေ့က TNLA ထိန်းချုပ်ထားတဲ့ ဂုတ်ထိပ်တံတားကို ရရှိပြီလို့ ကြေငြာပြီးတဲ့နောက် စစ်ရေးဆိုင်ရာထောက်ပံ့ပို့ဆောင်မှုတွေပိုမိုပြုလုပ်နိုင်ရန်အတွက် စစ်

ကောင်စီမှ အဆိုပါတံတားကို ပြုပြင်ခဲ့ပြီး ရက်ပိုင်းအတွင်းပြီးစီးကာ လူအင်အားနဲ့စစ်လက်နက်ပစ္စည်းဖြည့်တင်းဖို့အတွက် ပြင်ဆင်ပြုလုပ်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းတွေအရသိရပါတယ်။

” လက်ရှိ အခြေအနေမှာ စကစက ကျောက်မဲကိုထိုးဖို့ ဂုတ်တွင်း တံတားပြင်ဆင်တာ ပြီးခါနီးပြီခင်ဗျာ၊ စစ်သုံးတံတားမျိုးပါ၊ အင်အား နဲ့ခဲယမ်း ရိက္ခာတွေ ထောက်ပံ့ပို့ဆောင်ဖို့ရည်ရွယ်ဟန်တူတယ်၊ ပြီးရင်တော့ ကျောက်မဲမှာတိုက်ပွဲ ပြင်းထန်လာလောက်တယ်ဗျ”

ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ နောင်ချိုမြို့နယ်ကို စစ်တပ်မှသိမ်းပိုက်ပြီးတဲ့နောက် ကျောက်မဲမြို့နယ်နဲ့ နောင်ချိုမြို့နယ်အစပ်မှာရှိတဲ့ ဂုတ်ထိပ်တံတားသာမက ကျောက်မဲမြို့နယ်တွင်းက နောင်ပိန်ကျေးရွာတို့ကို ထိုးစစ်ဆင်ရန် ထန်းတနးပင်ကျေးရွာမှတဆင့် စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာကာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ နောက်ဆုံးအပတ်အတွင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တို့ကြားတိုက်ပွဲဖြစ်ပွါးပြီးတဲ့နောက် ဂုတ်ထိပ်တံတားကိုသာမက ကျောက်မဲမြို့နယ်တွင်းက နောင်ပိန်ကျေးရွာတို့ကိုပါ စစ်တပ်က ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

နောင်ပိန်ကျေးရွာနဲ့ဂုတ်ထိပ်ကို ရရှိပြီးနောက် စစ်ကောင်စီစစ်ကြောင်းများဟာ အနည်းငယ်တန့်နေသလို ရှိခဲ့ပေမဲ့လည်း ယခုအခါမှာတော့ ဂုတ်ထိပ်တံတားပြင်ဆင်မှုဟာလည်း ပြီးခါနီးအခြေအနေမျိုးထိရောက်နေတဲ့အပြင် စစ်ကောင်စီရှေ့ပြေးစစ်ကြောင်းအချို့ဟာလည်း နောင်ပိန်ရွာကို ကျော်ကာ ကျောက်မဲမြို့ဘက် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီယခုသိမ်းပိုက်လိုက်တဲ့ နောင်ပိန်ကျေးရွာနဲ့ ကျောက်မဲမြို့ကြား စခန်းသာ၊ ခိုက်တုန်ဟုန်း၊ နားအိုက်ခန်း၊ ခိုမုန်း ရွာတွေအပါကျေးရွာ(၆)ရွာသာ ကျန်ရှိပြီး စစ်ကောင်စီစစ်ကြောင်းအချို့သာမက ဒရုန်းပျံဝဲမှုအချို့ကိုလည်း နားအိုက်ခန်းကျေးရွာနားတစ်ဝိုက်အထိ ရောက်ရှိလာနေတယ်လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။

“စစ်ကောင်စီရဲ့ရှေ့ပြေးစစ်ကြောင်းတွေက နောင်ပိန်ကျော်သွားပါပြီ၊ စခန်းသာရွာဘက်မှာ ထိတွေ့မှုတွေ စနေပြီလို့လည်းသိထားရတယ်၊ ဒရုန်းနဲ့လက်နက်ကြီးဆိုလည်း အခုက နားအိုက်ခန်နဲ့အကျော် ကျောက်မဲမြို့အစပ်မရောက်တရောက်အထိကို စကစ ဒရုန်းပျံတာတွေ တွေ့နေရတယ်”

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေအနေနဲ့က ကျောက်မဲမြို့ကို နောင်ပိန်ဘက်ကလမ်းကြောင်းတွေကသာမကဘဲ မိုင်းတင်းကျေးရွာဘက်မှလည်းစစ်ကြောင်း(၂)ကြောင်းပုံစံ

ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်နေတာရှိပြီး မိုင်းတင်းကျေးရွာကို သွားရာလမ်းတစ်လျှောက် TNLA နဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

အဆိုပါမိုင်းတင်းကျေးရွာဟာ ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့ကြားမှာတည်ရှိနေတဲ့ကျေးရွာဖြစ်တာကြောင့် မိုင်းတင်းကျေးရွာကိုသာ စစ်တပ်ကထပ်ရသွားမယ်ဆိုရင် ကျောက်မဲကို စစ်ကြောင်း(၂)ကြောင်းဖြင့် ဖိအားပေးခံရနိုင်တဲ့အခြေအနေရှိနေသလို မိုင်းလုံမြို့ကိုလည်း ခြိမ်းခြောက်နိုင်တဲ့အနေအထားမျိုးထိပိုင်ဆိုင်သွားနိုင်တယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“နောင်ပစ်လမ်းခွဲကနေ မိုင်းတင်းရွာသွားတဲ့လမ်းဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ မိုင်းတင်းရွာကိုရသွားရင် ကျောက်မဲကို မိုင်းလုံ သွားလမ်းကဖြတ်ပိတ်သလိုဖြစ်ပြီ၊ မိုင်းတင်းရွာဘက် စကစ ရောက်သွားရင်က မိုင်းလုံမြို့ကောကျောက်မဲမြို့ကော ပိတ်သွားမှာစိုးလို့ မိုင်းတင်းရွာကိုသွားရာလမ်းတစ်လျှောက် နောင်ပစ်လမ်းခွဲ ကနေစပြီး အသည်းအသန်းကို TNLAက ခုခံနေပါတယ်”

သြဂုတ်လနောက်ဆုံးအပတ်ကစတင်ခဲ့တဲ့ကျောက်မဲမြို့နယ်အတွင်းက စစ်ကောင်စီထိုးစစ်တွေကြောင့် ဒေသခံပြည်သူတစ်သောင်းထက်မနည်း စစ်ဘေးရှောင်နေရပြီး တိုက်ပွဲအတွင်း၊ လက်နက်ကြီး၊လက်နက်ငယ်တွေကြောင့် သေဆုံးမှုအချို့ ရှိတယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post