စက်တင်ဘာလ ၃ရက်၊ မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သပြေသာရွာအတွင်းကို မိတ္ထီလာအခြေစိုက် တပ်မ ၉၉မှ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး တစ်ရွာလုံးရှိ အိမ်တွေကို တစ်အိမ်တက်ဆင်း စစ်ဆေးပြီး တစ်အိမ်ကို ဆန်တစ်အိတ်ထက်ပိုမထားရဘူးဆိုကာ ပိုတဲ့ဆန်တွေကို စစ်ကားတွေပေါ်ကို တင်ဆောင်လုယက်သွား တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၂၁ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်၊ စည်တီးကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒေသခံတွေကို နှင်ထုတ်ကာ ရွာအတွင်းရှိ လယ်ထွန်စက်၊ သစ်ခွဲသား၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား၊ဝက်များပါမချန် လုယူသွားတယ်လို့ သိရပါတယ်။
အဲ့ဒီအချိန်ကစပြီးတော့ ရွာသားတွေကို နေရပ်ပြန်ခွင့်မပေးဘဲ နှင်ထုတ်ကာ ရွာအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ဖြန့်ကျက်နေရာယူထားတယ်လို့ သိရပါတယ်။
“အခုနောက်ပိုင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဓားပြတိုက်မှုတွေ ပေါ်တင်ကျူးလွန်နေကြပါတယ်။ စည်တီးရွာမှာဆိုရင် ရွာထဲက ပစ္စည်းအကုန်လုယူတာပါ။ ကျွဲ၊ နွား၊ ဝက်တွေကိုတော့ သူတို့ပါလာတဲ့ ကားတွေနဲ့ မဆံ့လို့ ပြည်သူ့ကားတွေနဲ့ပါ သယ်ယူသွားတာ”
ဟု ဝမ်းတွင်းဒေသခံတစ်ဦးက BBMကိုပြောပါတယ်။ အလားတူ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ်အစပ်ရှိ အလယ်ကန်ကျေးရွာမှ အမျိုးသမီးပျူစောထီးခေါင်းဆောင် မိမော်ဆိုသူ ဦးဆောင်တဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေက လေသာကုန်းရွာနဲ့ မြင်းခြံရွာတို့ကို ဝင်ရောက်ဓားပြတိုက် လုယက်ခဲ့တယ်လို့ သိရပါတယ်။
ရွာအတွင်းရှိ ဆန်၊ ဆီ၊ ဆေးနဲ့ စားသောက်ကုန် အားလုံးကို လုယက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတွေကို နှစ်ရက်စာ စားသောက်လောက်ရုံသာ ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ စက်တင်ဘာလ ၁ရက်နေ့ကစလို့ အတင်းအဓမ္မစစ်သားသစ်စုဆောင်းဖို့ ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
BBMအနေနဲ့ ဒေသခံတွေဆီက စုဆောင်းရရှိထားတဲ့ သတင်းတွေအရ သုံးဒေါင့်အိုင်ကျေးရွာမှ ၁ဦး၊ သီးကုန်းကျေးရွာမှ ၁ဦး၊ အောင်သာကျေးရွာမှ ၁ဦး၊ တောင်ဆည်ကျေးရွာမှ ၂ဦး၊ ခံဘဲ့ကျေးရွာမှ ၁ဦး၊ အင်းကုန်းကျေးရွာမှ ၁ဦး၊ ကုက္ကိုလ်ခါးလှကျေးရွာမှ ၁ဦး၊ ကန်ပတ်လည်ကျေးရွာမှ ၂ဦး၊ စမုံကျေးရွာမှ ၁ဦး၊ ဒိုင်းကောင်းကုန်းကျေးရွာမှ ၂ဦး၊ သဖန်းကျေးရွာမှ ၁ဦး၊ သပြေသာကျေးရွာမှ သုံးဦး၊ စုစုပေါင်း ၁၇ဦး ဖမ်းဆီးပေါ်တာဆွဲခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ တခြားတိတ်တဆိတ် ဖမ်းဆီးပေါ်တာဆွဲခြင်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း များစွာကျန်ရှိနေနိုင်ပါသေးတယ်။
ဝမ်းတွင်းမြို့နယ်ဟာ စစ်ကောင်စီတပ်အားကောင်းရာ မိတ္ထီလာမြို့နယ်နဲ့ နီးကပ်နေတာကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကပစ်မှတ်ထားပေါ်တာဆွဲဖမ်းဆီးရာဒေသအဖြစ် ရှိနေပါတယ်။
လဆန်းပိုင်းရက်တွေမှာ ပေါ်တာဆွဲတာတွေ အများဆုံးပြုလုပ်လေ့ရှိတာကြောင့် ဒေသတွင်းမှ လူငယ်၊ လူရွယ်များ အနေနဲ့ သတိထား သွားလာနေထိုင်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။