တိုက်ပွဲအတွင်းဖားကန့်ဗျူဟာကုန်းမှ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်တာကြောင့် သံဃာ၁ပါးသေဆုံးကာ ပြည်သူ၄ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆန်းကြွယ်ကျေးရွာ အတွင်း စစ်တပ်နဲ့တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်မှ (၂၀)ယောက်ခန့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၆)ရက်နေ့ မနက်၄နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ မမုံ-ဖားပြင်ကျေးရွာနဲ့ မှော်တောင်း-ဆန်းကြွယ်ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့အဆိုပါစစ်ကြောင်းတွေနဲ့တော်လှန်ရေးအင်အားစုတို့ ဆန်းကြွယ်ကျေးရွာအတွင်း စက်တင်ဘာလ၆ရက် မနက်အစောပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
“မနက်(၄)နာရီလောက်ကတည်းက စထိုးလာတာ ၊ စစချင်း စကစ ဘက်က ရှေ့က (၃)ယောက်တန်းကျတာပဲ ၊ နေ့လယ်ထိ မကောက်နိုင်သေးဘူး”
ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ အဆိုပါမနက်ပိုင်းတိုက်ခိုက်မှုအတွင်းမှာပင် စစ်ကောင်စီဘက်မှ (၃)ယောက်ခန့်သေဆုံးပြီး တိုက်ပွဲပြင်းထန်တာကြောင့် စစ်တပ်ဘက်မှ အလောင်းကိုပြန်မကောက်နိုင်သလို တော်လှန်ရေးအင်အားစုတွေဘက်မှလည်း စစ်တပ်ဒရုန်းကြောင့် လက်နက်သွားရောက်ကောက်ယူနိုင်ခြင်းမရှိဘူးဟုလည်းသိရပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲဖြစ်ပွါးနေချိန် မြေပြင်စစ်ကြောင်းများသာမက စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း အဆိုပါသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။
” ဗျူဟာကုန်းက ဒရုန်းနဲ့ ဖိနေလို့ အလက်တွေက သွားကောက်လို့မရဘူး၊ စကစ ဘက်ကလည်း သူ့လူတွေရဲ့ အလောင်းကိုလာမကောက်ရဲဘူးလေ၊ ဒီတိုင်းပဲတစ်နေကုန်ထားတာ”
တိုက်ပွဲဖြစ်ပွါးပြီး ညနေပိုင်းအချိန်မှာတော့ စစ်ကောင်စီဘက်မှ ဒရုန်းအားကိုးဖြင့် သေဆုံးသွားတဲ့ ၎င်းစစ်သည်တွေအလောင်းကို လာရောက်ကောက်ယူဖို့ ကြိုးစားခဲ့ပြီးအဆိုပါ အလောင်းလာကောက်တဲ့ စစ်ကောင်စီတပ်သားတွေကို KIAနဲ့တော်လှန်ရေးအင်အားစုတွေက ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့လည်းသိရပါတယ်။
” ဒရုန်းအားကိုးနဲ့ ညနေထပ်ပြီး အလောင်းလာကောက်သေးတယ်၊ အဖွဲ့လိုက်ကြီး တက်လာတာ ၊ ဒီဘက်ကပစ်တော့ အတွဲလိုက်ကြီး ထပ်ထိတာ ၊ တစ်နေကုန်ဆို ၂၀ လောက် ကျသွားကြပြီ”
တိုက်ပွဲအတွင်း စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဆန်းကြွယ်ကျေးရွာရှိ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် တစ်ပါး ပျံလွန်တော်မူပြီး အသက်(၇)နှစ်အရွယ် ကလေးအပါ ပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ပြည်သူတွေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဒေသခံပြည်သူတစ်ဦးမှလည်း
“အဓိကတော့ ဖားကန့်ဗျူဟာကုန်းက ပစ်ကူပေးတဲ့ လက်နက်ကြီးကြောင့်ပါဗျ”
ဟု BBM ကိုထပ်မံအတည်ပြုပြောကြားပါတယ်။ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာပြီးတဲ့အချိန်မှစတင်ကာ မြို့နယ်တစ်ခုလုံး တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတာကြောင့် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနိုင်ချေရှိတယ်လို့ ဒေသခံပြည်သူတွေမှ ပြောဆိုမှုတွေရှိနေပါတယ်။
photo-ပုံဟောင်း