Tuesday, December 23, 2025
Home » စကခ ၁၃ က ဒုစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သေဆုံးပြီးမှ ဗိုလ်မှူးချုပ်ရာထူးကို စစ်တပ်ကတိုးပေး

စကခ ၁၃ က ဒုစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သေဆုံးပြီးမှ ဗိုလ်မှူးချုပ်ရာထူးကို စစ်တပ်ကတိုးပေး

0 14
14

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်က ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ကို စစ်ကောင်စီက သေဆုံးပြီးမှ ဗိုလ်ချုပ်ရာထူးကို တိုးပေးလိုက်တယ်လို့ စစ်ဖက်ရေးရာ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက်ကို နယ်မြေစစ်ဆေးရေးအတွက် ကွင်းဆင်းလာတဲ့ ဘုတ်ပြင်အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ဟာ KNLA ရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ၂၅ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ ဗိုလ်မှူးကြီး မျိုးသန့်ဟာ စစ်ကား ၃ စီးနဲ့ လေညာမြို့နယ်ဘက်ကို စစ်ဆင်ရေးကွင်းဆင်းလာစဥ်အတွင်းမှာ KNLA က တိုက်ခိုက်မှုကြောင့် ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် အပါအဝင် စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

” စကစ ၁၃ က ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ဟာ စစ်တက္ကသိုလ်အပတ်စဥ် ၄၀ က ဖြစ်ပါတယ်။ သူသေသွားမှ ရာထူးတိုးပေးတာကို တွေ့ရတယ်။ ဒီလိုမျိုးဖြစ်စဥ်ဟာ ရခိုင်မှာဆိုရင်လည်း နညျူဗြူးဟာမှူးတဈယောကျကို ရာထူးတိုးပေးတာရှိပါတယ်။ စစ်တပ်မှာတော့ ကျောင်းဆင်းပြီးရင် ဒုဗိုလ် ဒါမှမဟုတ် ဗိုလ်တို့ဆိုရင် စစ်ဆင်ရေးကာလအတွင်းမှာ အကျုံဝင်တဲ့သေဆုံးမှုတွေဆိုရင် ဗိုလ်ကြီးအဆင့်တိုးပေးတာ ရှိပါတယ်။ ဒါကတော့ ထုံစံအတိုင်းပေါ့ဗျ။ အခုနောက်ပိုင်းမှာတော့ အကြီးပိုင်းတွေ ဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူတွေက သေဆုံးမှုတွေရှိလာတဲ့အခါ ဗိုလ်မှူးချုပ်အဆင့်တိုးပေးလိုက်တာဖြစ်ပါတယ်”

လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စကခမှူးဗိုလ်မှူးချုပ် မင်းသီဟဟာ ကြာအင်းဆိပ်မြို့နယ်ဖက်ကို ရောက်ရှိနေတာကြောင့် ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ဟာ အဲဒီဌာနချုပ်အတွင်းမှာအကြီးဆုံး ပုံစံနဲ့တာဝန်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး မျိုးသန့်ဟာ စစ်အင်အား ၁၀ဝ ပါဝင်တဲ့ စစ်ကားသုံးစီးနဲ့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက်ကို လျှိုဝှက်သွားပေမဲ့လည်း အခုလို့ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“ဗိုလ်မှူးကြီး မျိုးသန့် နယ်မြေစစ်ဆင်ရေး ကွင်းဆင်းလာစဥ်မှာ ယာဥ်တန်း ၃ စီး၊ အင်အား ၁၀၀ နဲ့ကွင်းဆင်းလာခဲ့တာပါ။ အရင်တုန်းကဆိုရင် စီနီယာ ကပ်ပတိန် လုပ်သက်ရင့် ဗိုလ်ကြီး၊ တပ်ခွဲမှူးအဆင့်တွေတောင်မှ အင်အား ၁၀၀ နဲ့ကွင်းဆင်းတာပါ။တပ်ရင်းမှူးတစ်ယောက်တောင်မှ ယာဥ်တန်းနဲ့သွားရင် ကား ၆ စီးလောက်နဲ့ သွားရတာပါ။ အခုသူအနေအထားက ကား ၃ စီးလောက်နဲ့ဆိုတော့ ခိုးရှောင်ခိုးဝှက်သွားရတာပေါ့။ သူကိုလုံလောက်တဲ့ အစောင့်အရှောက်မပါတဲ့အတွက် ကျဆုံးသွားတဲ့ အနေအထားမျိုးကိုတွေ့ရပါတယ်။ ဒါကြောင့်ကျန်ရစ်တဲ့ မိသားစုဝင်တွေကို နှစ်သိမ့်တဲ့အနေနဲ့ အဆင့်မြင့်ရာထူးတိုးပေးလိုက်တာလည်း ဖြစ်ပါတယ် ”

လို့ ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။ ဗိုလ်မှူးကြီး မျိုးသန့် ကွင်းဆင်းလာတဲ့ ကားယာဥ်တန်းဟာ KNLA တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံရပြီးနောက် ဗိုလ်မှူးကြီး မျိုးသန့်ရဲ့ ရုပ်အလောင်းအပါအဝင် ကျန်တဲ့စစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို ကောက်ယူကာ ဘုတ်ပြင်းမြို့နယ်ဖက်ကို ပြန်လည်ဆုတ်ခွာခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူးကြီး မျိုးသန့်ရဲ့ အလောင်းကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ စစ်တပ်ကဗိုလ်မှူးချုပ်ရာထူးကို တိုးပေးကာဖြစ်ပြီး မိသားစုဝင်တွေကလည်း သဂြိုလ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

စကခ ၁၃ ရဲ့ ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် သေဆုံးချိန်မှာ အသက် ၄၉ နှစ် ရှိနေတာဖြစ်ပြီး စစ် တက္ကသိုလ် အပတ်စဉ် ၄၀ ကျောင်းဆင်း တစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုပါ ဗိုလ်မှူးကြီး မျိုးသန့် သေဆုံးတာနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီက စကခ (၁၃) စကခမှူး ဗိုလ်မှူးချုပ် မင်းသီဟကိုလည်း စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post