Monday, December 22, 2025
Home » ငါန်းဇွန်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေပြီး လေကြောင်းကပါ မီးလောင်ဗုံးများကြဲချနေ

ငါန်းဇွန်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေပြီး လေကြောင်းကပါ မီးလောင်ဗုံးများကြဲချနေ

0 25
25

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းက ကျေးရွာတွေကို စက်တင်ဘာလ ၂ရက်နေ့မှစ၍ စစ်ကောင်စီက ဝင်ရောက်စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ မီးရှို့နေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ဖောင်းကတောရွာကို ဝင်ရောက်လုယက်၊ မီးရှို့ ပြီးနောက် စက်တင်ဘာလ ၅ရက်နေ့၊ ညပိုင်းမှာ အနီးရှိ သားကျင်ရွာနဲ့ မကျီးကြပ်ရွာကို လေကြောင်းကနေ Y12 စစ်ထောက်ပို့ဗုံးကြဲလေယာဉ်နဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဖောင်းကတောမှာ ပစ္စည်းတွေသယ်ထုတ်ခိုးပြီးချိန် ည၈နာရီလောက်မှာ Y-12 နဲ့မီးလောင်ဗုံးတွေလာချတာမှာ သားကျင်ရွာတာဝါတိုင်နားကအိမ်တွေကနေစပြီး မီးလောင်တာ။ ရွာထဲက အိမ်တွေကို အများဆုံးလောင်ပါတယ်။ ဓာတုဗေဒ မီးလောင်ဗုံးဆိုတော့ မီးငြှိမ်းရတာခက်ပါတယ်။ ဘေးနားကရွာမှာ စစ်ကောင်စီစစ်ကြောင်း ရောက်နေတော့ ပြည်သူတွေထွက်ပြေးနေချိန် အခုလို မီးလောင်ဗုံးကျတာဆိုတော့ မီးလောင်ဆူံရှုံးမှုများပါတယ်။ အိမ်ခြေ ၂၀၀ဝန်းကျင်လောက် မီးလောင်သွားပါတယ်။ မကျည်းကြပ်ရွာကတော့ သားကျင်ရွာလောက်မများပါဘူး”

ဒေသခံ စစ်ဘေးရှောင်ပြည်သူတစ်ဦးက BBMကိုပြောပါတယ်။ BBMကစုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စက်တင်ဘာလ ၅ရက်၊ ည ၇နာရီ ၅၆မိနစ်အချိန်မှစ၍ ၈နာရီ ၁၉မိနစ် အချိန်အတွင်း သားကျင်ရွာနဲ့ မကျည်းကြပ်ရွာတွေပေါ်ကို မီး‌လောင်ဗုံးအလုံး(၈၀)ကျော်ဖြင့် ၁၃ကြိမ်ပျံဝဲကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Y-12စစ်‌ထောက်ပို့ဗုံးကြဲလေယာဉ် စစ်ကောင်စီရဲ့ မိတ္ထီလာအခြေစိုက် လေတပ်စခန်းကနေ ပျံတက်ခဲ့တဲ့လေယာဉ်ဖြစ်ပါတယ်။

“Phosphorus မီးလောင်ဗုံးတွေဖြစ်နိုင်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းက မြေပြင်ကနေ သားကျင်ရွာကို ဝင်ရောက်မီးမရှို့ရဲတာကြောင့် လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိမီးလောင်ဗုံးကြဲချပြီး မီးရှို့ခဲ့တာဖြစ်နိုင်ပါတယ်”

လို့လည်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကုန်တင်ကား ၁၂စီးကျော် ယူဆောင်လာပြီး တစ်ရွာဝင်၊ တစ်ရွာထွက် ပြည်သူပိုင်ပစ္စည်းများ လိုက်လံခိုးယူနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဖောင်းကတောရွာကို ဝင်ရောက်ဖောက်ထွင်းခိုးယူ၍ သုံးနေရာခွဲမီးရှို့ပြီးနောက် မြောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးပြီး မြောက်ရွာဘိုရွာကို ဆက်လက်ဝင်ရောက်ဖောက်ထွင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ငါန်းဇွန်မြို့နယ်အနောက်ခြမ်းက မကျည်းကြပ်၊ ညောင်လေးပင်၊ သကျမ်းကုန်း၊ ရွာဘိုတောင်+မြောက်၊ ကုလား၊ ဆင်တပ်၊ ရဲပဒိုင်း၊ သားကျင်၊ ဆင်ဖြူကုန်း၊ ‌ညောင်ပင်ရိုး၊ သပြေကန်၊ ဆပ်ပြာကျင်း၊ ဆင်တပ်စတဲ့ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်လော်ဘီချန်နယ်တွေမှာတော့ ၎င်းတို့ရဲ့လက်ချက်ဖြစ်ကြောင်း အောင်ပွဲခံပြောဆိုမှုတွေရှိနေပါတယ်။

အခုလိုရွာစဉ်လှည့် ခိုးယူ၊မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#BBM#News#UpdateNews#Junta#AirStrike

Leave a Comment

Latest Post

Latest Post