စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့အပါ ၎င်းတို့ဆုံးရှုံးသွားတဲ့နယ်မြေအချ်ို့ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် ပြည်သူ့စည်းရုံးရေးလုပ်ငန်းများကို အရင်ကထက်ပိုမိုလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
ရှမ်းမြောက်က ညီနောင်မဟာမိတ်သုံးဖော် ဦးဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း လက်လွှတ်ခဲ့ရတဲ့နောင်ချိုမြို့နဲ့ သပိတ်ကျဥ်းမြို့တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်ဘက်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
နောင်ချိုမြို့ကို စစ်တပ်ဘက်မှ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်အတွင်း ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဒုချုပ်စိုးဝင်းကိုယ်တိုင် ဇူလိုင်လ၂၁ရက်နေ့မှာ နောင်ချိုမြို့ထိသွားရောက်ပြီး ၎င်းရဲ့စစ်သည်တွေကို တစ်ဆင့်တိုးရာထူးချီးမြှင့်တာမျိုးပြုလုပ်ခဲ့ပါတယ်။
ဒါတင်မက စိုးဝင်းအနေနဲ့ နောင်ချိုမြို့ပေါ်က ဒေသခံတွေကိုသာမက မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေအားလုံးကို မဖြစ်မနေ အစည်းအဝေးခေါ်ခဲ့ပြီး ပြည်သူတွေကို စည်းရုံးသိမ်းသွင်းတာမျိုးပြုလုပ်ခဲ့တယ်လို့ ဒေသခံအချို့ရဲ့ပြောဆိုချက်အရသိရပါတယ်။
“နောင်ချိုကိုပြန်ရပြီး ဒုချုပ်စိုးဝင်းက နယ်ခံတွေအကုန် မတက်မနေရနဲ့ခေါ်ပြီး စကားပြောတာရှိတယ်၊ ကျွန်တော်တို့စစ်သားတွေကို ပြည်သူတွေကအရင်လိုပဲပြန်ချစ်ပေးပါ၊ ကျွန်တော့်စစ်သားတွေ မှားတာရှိလည်း ကျွန်တော်ကအနူးအညွှတ်တောင်းပန်ပါတယ် ဆိုပြီးလည်း ပြည်သူကိုပြောသွားသေးတယ်၊ စည်းရုံးသွားတာပေါ့”
ဟု နောင်ချိုမြို့ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါ့အပြင် နောင်ချိုမြို့နယ်တစ်ခုလုံးကို စစ်တပ်ကရရှိပြီးတဲ့နောက်မှာလည်း နောင်ချို-ပြင်ဦးလွင်လမ်းကြောအတွင်း စစ်ဆေးရေးဂိတ်များ ရှိထားပေမဲ့ အရင်ကလို စစ်ကောင်စီတပ်သားတွေက မောက်မောက်မာမာ ဆက်ဆံခြင်းမရှိဘူးဟုလည်း ဒေသခံပြည်သူအချို့မှပြောပါတယ်။
အထူးသဖြင့် ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့နယ်အတွင်းရှိ ဟိုခိုကျေးရွာတို့ကြား စစ်တပ်ဂိတ်စခန်ူပေါင်း(၁၂)ခုထိ ရှိပြီး အများစုမှာ အာဏာသိမ်းကာလအစောပိုင်းကလို ပြည်သူကိုဆက်ဆံခြင်းမရှိဘူးဟုလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူအပေါ် အဆိုပါဆက်ဆံမှုတွေဟာ ရွေးကောက်ပွဲနီးလာတာကြောင့် ချိုချိုသာသာဆက်ဆံခြင်းမျိုးဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေမှ ပြောဆိုမှုရှိပါတယ်။
“ခုစစ်တပ်ကပြန်ရသွားတဲ့ ဟိုခိုနဲ့ပြင်ဦးလွင်ကြားဆို စစ်တပ်ဂိတ်က ၁၂ခုထိရှိတယ်၊ ဒါမဲ့အရင်လို မိုက်မိုက်ရိုင်းရိုင်းတော့မဟုတ်တော့ဘူး၊ ပြည်သူကိုဆက်ဆံတာက အဓိက ကတော့ ရွေးကောက်ပွဲနီးလာလို့လဲပါမယ်၊ပြီးတော့ ပြည်သူဘယ်လောက်မုန်းနေလဲဆိုတာသိတော့ ပြန်ပြီးသူတို့ဘက်ပါအောင်လို့စည်းရုံးတာမျိုးလဲဖြစ်မယ်”
ဟု ဟိုခိုရွာဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ နောင်ချိုမြို့ကိုသိမ်းပိုက်စဥ်ကလည်း စစ်
ကောင်စီရဲ့ (၁၀၁)ဒုတပ်မမှူး မြင့်ဟိဏ်းကိုယ်တိုင်း ပြည်သူလူထုကို ဒံပေါက်ဝေတာတွေ၊ လိုက်လံစကားပြောတာတွေပြုလုပ်ပြီး စည်းရုံးသိမ်းသွင်းတဲ့ပုံရိပ်တွေကို ၎င်းတို့ဝါဒဖြန့်ချန်နယ်တွေမှတဆင့် ဖြန့်ဝေခဲ့ကြပါတယ်။
စစ်ကောင်စီအနေနဲ့ ယခုနောက်ပိုင်း နောင်ချိုမြို့နဲ့ဟိုခိုကျေးရွာဘက်တွေသာမက မတ္တရာဒေသဘက်က ကျေးရွာအချို့ကို စစ်ကြောင်းထိုးရာမှာလည်း ပြည်သူတွေကို လိုက်လံတွေ့ဆုံတာမျိုးပြုလုပ်ပြီး စစ်တပ်ကိုမကြောက်ဖို့အတွက် စည်းရုံးပြောဆိုနေတာမျိုးတွေရှိတယ်လို့လည်း BBM မှ ထပ်မံစုံစမ်းသိရှိရပါတယ်။