ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ်ရှိ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၆ ) အနီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီး ဟောင်ဝင်ဇာအမြောက်တွေနဲ့ပါ ပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ် PDF တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ကပစ – ၆ စက်ရုံနဲ့ ၇ မိုင်ခန့်လောက်သာ ဝေးကွာတဲ့ ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကျေးရွာအကြားက ဆင်လန်းကျေးရွာအနီး ကာကင်းစခန်း ၃ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဆင်လန်းကျေးရွာက ကာကင်းစခန်းတွေကို သိမ်းပိုက်ထိန်းပြီးနောက် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ညောင်ခြေထောက်ကျေးရွာရှိ ကပစ – ၆ စက်ရုံကို ထိုးစစ်ဆင်လာနေတာဖြစ်ပြီး မီတာ ၁၀,၀၀၀ သောင်းကျော် အကွာအဝေးက နေပြီးတော့လည်း လက်နက်ကြီးဟောင်ဝင်ဇာအမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
“ဆင်လန်းကျေးရွာက ကာကင်းစခန်းတစ်ချို့ကိုတော့ AAနဲ့ မဟာမိတ်တပ်တွေက သိမ်းထားပြီဖြစ်ပါတယ်။ အဲဒီအနီးအနား တစ်ချို့စခန်းတွေကိုပဲ သိမ်းဖို့ကျန်ပါတော့တယ်။ ကပစ ၆ စက်ရုံနဲ့ဆိုတော့ အတော်လေး နီးကပ်လာပြီးဖြစ်ပါတယ်။ စစ်ကောင်စီကလည်း အင်အားဖြည့်တင်းတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ AA နဲ့ မဟာမိတ်တပ်တွေကတော့ ကပစ ၆ စက်ရုံအနီးကို လက်နက်ကြီး အမြှောက်တွေနဲ့ပါ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ် “
လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်း ပဲခူးတိုင်းဒေသကို ဒီနှစ် ဇန်နဝါရီလအတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တောင်ကုတ် – ပန်းတောင်းလမ်းပိုင်းရှိ ရခိုင်ရိုးမပေါ်က ညောင်ကျိုး ကာကင်းစခန်းတွေနဲ့ ကျေးရွာအနီးက ကာကင်းစခန်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
ညောင်ကျိုးကျေးရွာနဲ့ ၄ မိုင်ခန့်အကွာအဝေးက ဆင်လန်းကျေးရွာက ကာကင်းစခန်းတွေကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ လကုန်းပိုင်းလောက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး AAနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဥသျှစ်ပင်မြို့ကနေပြီးတော့ ရွှေတောင်ရှိ ကုတင် ၁၀၀ ဆံတဲ့ ဆေးရုံကြီးကို အဆက်မပြတ် ပို့ဆောင်နေရတယ်လို့လည်း သိရပါတယ်။
ညောင်ခြေထောက်ကျေးရွာမှာရှိတဲ့ ကပစ – ၆ စက်ရုံအနီးအနားမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားတာမရှိသေးပေမဲ့ စစ်ကောင်စီဟာ ကပစ – ၆ စက်ရုံကနေပြီးတော့ လားကောင်တွေနဲ့အတူ စစ်အင်အားတွေ ဖြည့်တင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
” ညောင်ခြေထောက်ဖက် ကပစ – ၆ စက်ရုံအနီးမှာ တော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာတွေ မသိရသေးပါဘူး။ ကပစ – ၆ စက်ရုံကနေ ဆင်လန်းကျေးရွာဖက်ကိုတော့ ရိက္ခာတွေကို လားတွေနဲ့ ပို့နေတာရှိတယ်လို့ သိရပါတယ်။ လားတွေသွားတဲ့ဖက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေကြတယ်လို့ သုံးသပ်ရပါမေ။ လားဆိုတာက ၂ ရက်သွား ၁ ရက်နားရပါတယ်။ အဲဒီလိုမျိုး ချီတက်ရတာဆိုတော့ လားစခန်းတွေရှိတဲ့ဖက်မှာပဲ တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ သိရပါတယ် ”
လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။ နောက်ထပ်လည်း စစ်ကောင်စီဟာ ပဲခူးတိုင်း၊ နတ်တလင်မြို့နယ်၊ ပုဇွန်ချောင်းကျေရွာဖက်ကလည်း ရခိုင်ရိုးမပေါ်ရှိ ကာကင်းစခန်းတွေကို စစ်အင်အားတွေ အများအပြား ဖြည့်တင်းမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ဆင်လန်းကျေးရွာက ကာကင်းစခန်းတွေကို သိမ်းပိုက်ရရှိပြီးနောက် စစ်လက်နက်ပစ္စည်းတွေကို ရွှေပြောင်းဖို့ ခက်ခဲတဲ့ ကပစ ၆ စက်ရုံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးကို ရောက်ရှိနေပြီ ဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော် ဆက်လက်သုံးသပ်ပါတယ်။
” ကပစ စက်ရုံဆိုတာမျိုးက ဧရိယာကျယ်ဝန်းပြီးတော့ ဘောလုံးကွင်း တစ်ကွင်းစာလောက် ရှိပါတယ်။ အဲဒီတော့ တဖြည်းဖြည်းချင်း ရှေ့တိုးပြီး တိုက်ခိုက်ရေး စွမ်းရည်ကောင်းနေတဲ့ AA ဟာ ရွေ့လျားနေတဲ့ ရေထဲက သင်္ဘောတွေကိုပင် နစ်မြှုပ်နိုင်တယ်။ ကပစ စက်ရုံဆိုတာက မရွေ့လျားနိုင်တဲ့ ပစ်မှတ်တွေဖြစ်ပါတယ်။ ဆိုတော့ အဲဒီပစ်မှတ်တွေကိုလည်း AA က ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ လက်ရှိမှာ မတိုက်ခိုက်နိုင်သေးရင်တောင် လက်နက်ကြီးတွေ ထိုင်ပြီးတော့ အပျင်းပြေ ထိုင်ပစ်နေလို့ရတဲ့ အနေအထားမျိုးကို ဖန်တီးလို့ရပါတယ်”
လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်းမှာ ကပစ စက်ရုံ ၇ ရုံ ရှိနေတာဖြစ်ပြီး ပြည်မြို့နယ်မှာ ကစပ ၃၊ ၇၊ ၁၉ စက်ရုံတို့ရှိပြီး ဥသျှစ်ပင်မြို့နယ်မှာတော့ ကပစ ၅၊ ၆၊ ၉ နဲ့ ၁၆ စက်ရုံတို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ AA နဲ့ PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကပစ – ၆ စက်ရုံဟာ စစ်ကောင်စီရဲ့စစ်လက်နက် ပစ္စည်းတွေအတွက် အဓိက ကုန်ကြမ်းထုတ်ပေးနေတာဖြစ်ပြီး တခြားသော ကပစစက်ရုံတွေ အကုန်လုံးနဲ့လည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ခွဲကျော် ကာလအတွင်းမှာ ရခိုင်က မြို့နယ် ၁၄ ခုအပါအဝင် ချင်းပြည်နယ်က ပလက်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အလားတူ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်အစပ်က ရခိုင်ရိုးမပေါ်ရှိ တော်လှန်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နယ်စပ်အရအရေးပါတဲ့ ကာကင်းစခန်းတွေကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။