လက်နက်ခဲယမ်းအချို့ပါ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး စကစ အထိနာတာကြောင့် လေကြောင်းပစ်ကူလာပေး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်းရှိ သံချပ်ကာတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ KIAဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်အလောင်း(၉)လောင်းနဲ့ ခဲယမ်းလက်နက်အချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
စက်တင်ဘာလ၈ရက် (ဒီနေ့)မနက် ၆နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဗန်းမော်မြို့ရှိ အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉)ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြားခဲ့တာကြောင့် မနက်၁၀နာရီလောက်မှာ လေကြောင်းပစ်ကူဖြင့်လာရောက်ဗုံးကြဲတာတွေ စစ်တပ်ဘက်မှပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်ခြောက်နာရီကနေ ခုထိသံချပ်ကာတပ်ရင်းမှာငါတို့ပူးပေါင်းတပ်တွေ ဝင်လုံးတာ၊ စစ်ခွေး အလောင်းကိုလောင်းတွေ့တယ်၊ပျောက်နေတဲ့လူတွေရှိနေတယ်လို့သိထားတယ်။ သူတို့သေတာများလို့ ၉နာရိ၅၅မိနစ်မှာလေယာဥ်နဲ့ဗုံးတစ်ခါလာကျဲသွားတာပဲ”
ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါ့အပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်တပ်သုံး MA Series သေနတ်နဲ့ စက်လက်အမျိုးအစား လက်နက်အချို့အပြင် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ၎င်းမှဆက်ပြောပါတယ်။
“လက်နက်ရတာတွေလည်း ရှိတယ် MA Series ကော၊ စက်လက်အမျိုးအစားကော၊ ကျည်ဆံတွေကော၊ စစ်ကောင်စီလက်နက်တွေဖြစ်တယ်”
တော်လှန်ရေးအင်အားစုတွေအနေနဲ့ တိုက်ပွဲဖြစ်ပွါးရာ အဆိုပါ သံချပ်ကာတပ်ရင်းပတ်ချာလည်ကို နယ်မြေရှင်းလင်းမှုတွေဆက်လက်လုပ်ဆောင်နေပြီး ထပ်တိုးလက်နက်အချို့ကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့ကို စစ်သင်္ဘောများဖြင့် လက်နက်၊ခဲယမ်း၊ လူအင်အားများ ပို့ဆောင်ပြီးတဲ့နောက်ပိုင်းကစတင်ကာ မြို့တွင်းရှိ ၎င်းတို့လက်လွှတ်လိုက်ရတဲ့ စစ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တာတွေ ပိုမိုပြုလုပ်လာတယ်လို့ သိရပါတယ်။
photo-KIA မှ သံချပ်ကာတပ်ရင်းအတွင်း ယနေ့သိမ်းမိခဲ့တဲ့ လက်နက်များ