စစ်တပ်ကအခုနောက်ပိုင်း နိုင်ငံအနှံ့သူတို့ခံလာရတဲ့အခြေအနေတွေကနေ တစ်နည်းတစ်ဖုံပြောင်းလဲနိုင်ဖို့အတွက် ထိုးစစ်ဆင်တာတွေ၊ ဆုံးရှုံးပြီးသားနယ်မြေတွေကို မရရအောင်တိုက်ခိုက်တာတွေ၊ ဒရုန်းလက်နက်နဲ့ လူအင်အားတွေကအစ စနစ်တကျနဲ့ပြင်ဆင်လာတာတွေကို အားလုံးပဲတွေ့ပြီးကြပြီဖြစ်မှာပါ။ ဒီလိုအရှိန်ပြင်းပြင်းနဲ့ပြင်ဆင်လာတာတွေကြောင့်ပဲ ၂၀၂၅ခုနှစ် နောက်ပိုင်းကစပြီး စစ်တပ်ဟာ စစ်ရေးမှာ အနည်းငယ်အသာစီးပြန်ရလာနေတဲ့အနေအထားမျိုးလည်း တွေ့နေရတယ်။ သူလက်လွှတ်ထားရပါတယ်ဆိုတဲ့ နောင်ချို၊ သပိတ်ကျင်း၊ မိုးဗြဲနဲ့ သင်္ကန်းညီနောင်တို့ကို ဆက်တိုက်ဆိုသလုပြန်သိမ်းပိုက်ခဲ့သလို ဆက်လက်ပြီး ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ ဒီးမော့ဆိုနဲ့ အခြားအရေးပါရာ တပ်စခန်းများစွာကို ရွေးကောက်ပွဲမတိုင်မီ အတင်းဝင်လုံး ၊ အတင်းသိမ်းပိုက်ကာ အောင်မြေချဲ့ထွင်မဲ့ လက္ခဏာတွေလည်း တွေ့နေရပါတယ်။
ဒီနေရာမှာ စစ်တပ်နဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်နေတဲ့ မြေပြင်ကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ စစ်တပ်က အခုနောက်ပိုင်းဗျူဟာ(၂)ခုကို တော်တော်လေးအသုံးပြုလာနေတာကို သတိထားမိပါတယ်။ ပထမဗျူဟာကတော့ လေကြောင်းတိုက်ခိုက်မှုမှာ လေယာဥ်ထက် ဒရုန်းတွေကို ပိုမိုအသုံးပြုလာတယ်ဆိုတဲ့ ဗျူဟာပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နွေဦးတော်လှန်ရေးမစခင် (ဒါမှမဟုတ်) စစ်တပ်ကို အကြီးအကျယ် ဖိအားပေးတိုက်ခိုက်မှုဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီအထိ တပ်တွင်းမှာ ဒရုန်းနဲ့ပတ်သတ်ပြီး အတွေ့အကြုံကောင်းကောင်းမရှိသလို၊ ပြင်ဆင်မှုတွေလည်း မရှိခဲ့ပါဘူး။
အဲ့ဒီကာလတောက်လျှောက်လုံး စစ်တပ်ဟာ လှေထိုးကြီးရိုးရိုးနည်းဖြစ်တဲ့ လက်နက်ကြီးနဲ့ပစ်မယ်၊ လေယာဥ်နဲ့ချေမှုန်းမယ်၊ ပြီးရင် မြေပြင်က ထိုးမယ်ဆိုတဲ့နည်းဗျူဟာကိုသာ တွင်တွင်အသုံးပြုခဲ့ကြတာပါ။ ဒါပေမဲ့ ၂၁ခုနှစ်နောက်ပိုင်း ဝင်လာတဲ့ လူငယ်တွေရဲ့ ဆန်းသစ်မှုတွေ၊ ပြီးတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က သုံးသွားတဲ့ဒရုန်းအားပြုတိုက်နည်းစနစ်တွေမှာ အရှက်တကွဲရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ စစ်တပ်ဟာ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေမှတဆင့် ဒရုန်းကိုအကောင်းဆုံးပြင်ဆင်ကာ ယခုနောက်ပိုင်းတိုက်ပွဲတွေမှာ အတော်လေးသုံးလာခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို စိတ်ကြိုက်သုံးခွင့်ရှိနေတဲ့ စစ်တပ်ဟာ ၎င်းတို့စစ်နိုင်ရေးအတွက် ဘာကိုမှမစဥ်းစားဘဲ ဘဏ္ဍာငွေကိုစိတ်ကြိုက်သုံးကာ ဒရုန်းနည်းပညာနဲ့ စက်ပစ္စည်းတွေကိုဝယ်ယူခဲ့ဟန်တူပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း စစ်မျက်နှာတွေအကုန်လုံးမှာ စစ်တပ်ရဲ့ ကင်းထောက်ကော၊ တ်ုက်ခိုက်ရေးဒရုန်းတွေပါ အတော်လေးကောင်းလာနေတယ်ဆိုတဲ့ စကားကိုကြားနေရတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်ထပ်စစ်တပ်က ကျင့်သုံးနေတဲ့ဗျူဟာတစ်ခုကတော့ လူလှိုင်းစစ်ဆင်ရေးနည်းလို့တောင် ပြောလို့ရမဲ့ အင်နဲ့အားနဲ့ထုထည်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းနှစ်တွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် အမာခံ အင်အားပြုန်းတီးနေတဲ့ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို အတင်းပြဌာန်းပြီး လူငယ်၊လူရွယ်တွေကို အသေခံခိုင်းဖို့ စုဆောင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒီဥပဒေကြောင့်ပဲ တစ်နှစ်တာကာလအတွင်းမှာကို လူငယ်ပေါင်း၆သောင်းထက်မနည်းဟာ စစ်သားအဖြစ်စုဆောင်းခံလိုက်ရပြီလို့ မြန်မာ့အရေးလေ့လာသူတွေက ခန့်မှန်းတာမျိုးတွေရှိနေပါတယ်။
ဒီလူငယ်တွေဟာ ဘယ်လောက်ပဲ စစ်တပ်အတွက်မတိုက်ပေးချင်ပါဘူးလို့ပြောပြော တကယ့်တကယ်ရှေ့တန်းရောက်တဲ့အချိန် နောက်ကျဉ်ကြောက်ရတာမျိုးတွေ၊ တိုက်ပွဲအတွင်း သူပစ်ကိုယ်ပစ်အခြေအနေမှာ ရမ်းသမ်းပစ်တာမျိုးတွေနဲ့ မူးယစ်ဆေးလိုစိတ်ကြွစေနိုင်တဲ့ အရာတစ်မျိုးမျိုးတိုက်ကျွေးပြီးစေခိုင်းတာမျိုးတွေလည်း ကြုံတွေ့ရနေတယ်ဆိုတာမျိုးတွေလည်း ပြန်ကြားသိရတာတွေရှိပါတယ်။ စစ်တပ်ရဲ့တွေးခေါ်ပုံက ရှင်းပါတယ်။ ဒီလိုအတင်းအကြပ်စုဆောင်းလို့ထားတဲ့လူငယ်တွေဆီက သူတို့မျှော်မှန်းတာပစ်အားပါပဲ။ ထိတာတွေမထိတာတွေ ၊ စိတ်ပါတာတွေ၊ မပါတာတွေ သူတိူ့စိတ်မဝင်စားဘူး၊ သူတို့ကျည်းဖြုန်းနိုင်တယ်၊ ပစ်အားကောင်းကောင်းရှိတယ်ဆို တော်လှန်ရေးအဖွဲ့တွေအတွက် အခက်တွေ့မယ်၊ ဒီလိုပဲ စဥ်းစားပြီးခေါ်တာပါ။ သူတိူ့ရဲ့စဥ်းစားချက်နဲ့ ကျင့်သုံးခဲ့တဲ့ ဗျူဟာဟာ အခုချိန်မှာတော့ တော်လှန်ရေးအဖွဲ့တွေအတွက် အခက်တွေ့စေနေပြီလို့ ဆိုရပါမယ်။ ဒါကြောင့်မို့လည်း နယ်မြေတွေ တစ်ခုပြီးတစ်ခုပြန်လွှတ်လိုက်ရတာတွေရှိပါတယ်။
ဒါပေမဲ့ အထက်ပါစစ်တပ်က ကျင့်သုံးနေတဲ့ ဗျူဟာ(၂)ခုကို တော်လှန်ရေးဘက်က ဒီထပ်ပိုကောင်းအောင်နည်းပညာမြင့်တာပဲ ဖြစ်ဖြစ်၊ စစ်မှုထမ်းတပ်သားတွေကိုလည်း အကြောက်တရားနဲ့ဖြစ်ဖြစ် နားလည်အောင်စည်းရုံးတာမျိုးဖြစ်ဖြစ်လုပ်ပြီး အတိုင်းအတာတစ်ခုထိ ကိုယ့်ဘက်ပါအောင်လုပ်နိုင်တာမို့ အဆင်ပြေကောင်းပြေနိုင်ပေမဲ့လည်း အခုနောက်ဆုံး စစ်တပ်ဘက်က ကျင့်သုံးဖို့ပြင်လာနေပြန်တဲ့ ဗျူဟာကတော့ တော်လှန်ရေးအတွက် အတော်လေးစိုးရိမ်စရာကောင်းလှပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်တပ်ဟာ သူတို့ပြန်သိမ်းပြီးတဲ့နယ်မြေတွေကိုဝင်ရောက်လာတဲ့အချိန် ပြည်သူကို အတက်နိုင်ဆုံးချိုသာစွာဆက်ဆံတာတွေပြုလုပ်ပြီး ပြည်သူကိုသူတို့ဘက်ပါအောင် အနုနည်းနဲ့စွဲဆောင်နေတာတွေကို တွေ့လာရတာကြောင့်ပဲ ဖြစ်ပါတယ်။
အထင်ရှားဆုံးသာဓကအနေနဲ့ဆိုရင် နောင်ချိုကို သိမ်းပြီးပြီးချင်း ဒုချုပ်စိုးဝင်းကိုယ်တိုင် ပြည်သူတွေကို တွေ့ပြီး စစ်သားတွေကို အရင်လိုပြန်
ချစ်ပေးပါ၊ စစ်သားတွေမှားတာရှိရင်လည်း သူ့အနေနဲ့ တောင်းပန်ပါတယ်ဆိုပြီးပြောခဲ့တာတွေ၊ နောင်ချိုမှာပဲ တပ်မ(၁၁)ဒုတပ်မမှူး မြင့်ဟိဏ်းက ပြည်သူတွေကို စကားလိုက်ပြောပြီးစည်းရုံးနှုတ်ဆက်နေတာတွေကို ကြည့်ပြီးသိနိုင်ပါတယ်။
အလားတူ မိုးဗြဲ၊ သပိတ်ကျင်းဘက်တွေသာမက မတ္တရာဘက်က ဒေသခံတွေကိုပါ စစ်တပ်က အခုလိုပဲ ချိုချိုသာသာ အဆင်ပြေစွာနဲ့စည်းရုံးနေတယ်ဆိုတဲ့ သတင်းတွေခပ်စိပ်စိပ်ကြားလာရတော့ စစ်တပ်ဟာ ပြည်သူ့စည်းရုံးရေးကိုပါ တိုက်စစ်ဖွင့်လာနေပြီလို့ ဆိုရမှာပါပဲ။
အမှန်တိုင်းပြောရမယ်ဆိုရင် စစ်တပ်ရဲ့ အဆင့်အလိုက်သင်ရတဲ့ သင်ခန်းစာတွေ၊ ဗျူဟာတွေအကုန်လုံးမှာ ပြည်သူ့စည်းရုံးရေး၊ ပြည်သူ့အခန်းကဏ္ဍဟာ တိုက်ပွဲအောင်မြင်ရေးအတွက် အရေးကြီးဆုံးအချက်ဆိုတာပါပြီး ရှေ့ပိုင်းနှစ်တွေအတွင်း ၎င်းတို့လိုအပ်ခဲ့တဲ့ ဒီကဏ္ဍကို ဒရုန်းကိုအဆင့်မြင့်သလို မြင့်လာနေပြီလို့မြင်မိပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ပင်မဟာ ပြည်သူ့အားဖြစ်တယ်ဆိုတာကို တော်လှန်ရေးအဖွဲ့တွေအပါ တစ်နိုင်ငံလုံးကကောင်းကောင်းသိကြပါတယ်။ ဒါကိုစစ်တပ်ကလည်း သိနေပြီးသားပါ။ဒါကြောင့်မို့လည်း ပြည်သူလူထုကို နည်းမျိုးစုံနဲ့စည်းရုံးပြီး ၎င်းတို့ဘက် တစ်ယောက်ပဲပါပါ၊ အုပ်စုလိုက်ပဲ ပါပါ ရအောင်သိမ်းသွင်းလာနေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ စစ်တပ်အတွက်ကတော့ ရွေးကောက်ပွဲနီးနေတဲ့ကာလဖြစ်တဲ့အပြင် အရည်အတွက် ဘယ်လောက်ပဲပါပါ ၎င်းတို့အတွက် အမြတ်ပဲမို့လို့ သေချာပေါက်ဒီနည်းကို တခြားသောဒေသတွေမှာပါ ကျင့်သုံးဘာနိုင်ချေရှိပါတယ်။
ပြည်သူတွေဘက်ကကြည့်မယ်ဆိုရင်လည်း နှစ်ကာလအကြာကြီး ပင်ပန်းဆင်းရဲခံနေရတာတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတာတွေနဲ့ ပင်ပန်းနေတာကြောင့် တခါတလေ ဒီလိုစည်းရုံးသိမ်းသွင်းမှုထဲ အကြောင်းအမျိုးမျိုးကြောင့် ပါသွားနိုင်ချေလည်းရှိတာမို့ အပြစ်တော့မဆိုသာပါဘူး။ ဒါကြောင့် ဒီနေရာမှာ တော်လှန်ရေးရဲ့တပ်ဦးမှာ နေရာယူထားပါတယ်ဆိုတဲ့ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ တာဝန်ရှိသူတွေအားလုံးအနေနဲ့ စစ်တပ်ရဲ့ခြေလှမ်းတွေကို သတိကြီးကြီးနဲ့စောင့်ကြည့်ပြီး တန်ပြန်သင့်တာတွေ တန်ပြန်ဖို့ပြင်ဆင်ရပါလိမ့်မယ်။ စစ်တပ်ဟာ တစ်စနဲ့တစ်စ တော်လှန်ရေးရဲ့အားအကောင်းဆုံးဆိုတဲ့ အပိုင်းတွေကို ဖြိုခွဲနေပါပြီ။ အခုနောက်ဆုံး ပြည်သူ့စည်းရုံးရေးကိုပါနည်းအမျိုးမျိုးနဲ့လုပ်လာပြီး တော်လှန်ရေးရဲ့အားအကောင်းဆုံးအပိုင်းကိုထိုးခွဲဖို့ပြင်နေပါပြီ။ ဒီအပိုင်းမှာသာ ထပ်ကျရှုံးရမယ်ဆိုရင် တော်လှန်ရေးဟာ လုံးဝ ကျရှုံးရပါလိမ့််မယ်။ ဒါကြောင့် စစ်တပ်ကို အချိန်မပေးဘဲ လုပ်စရာရှိတာ စည်းလုံးညီညွှတ်စွာနဲ့လုပ်ပါလို့ပဲ ဆိုချင်ပါတော့တယ်။