Sunday, December 21, 2025
Home » ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းမှာ တိုက်ပွဲအတွင်း ယာဉ်တချို့ ပစ်ခတ်ခံရပြီး ပြည်သူ၂ ဦးသေဆုံးပြီး ၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းမှာ တိုက်ပွဲအတွင်း ယာဉ်တချို့ ပစ်ခတ်ခံရပြီး ပြည်သူ၂ ဦးသေဆုံးပြီး ၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

0 18
18

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ကုန်တင်ယာဉ်မောင်းအပါအဝင် ၂ ဦးသေဆုံးကာ ၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။

ရေဖြူမြို့နယ် အဝေးပြေးလမ်းမတလျှောက်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံး အပတ်ကတည်းက အဲဒီလမ်းပိုင်းကို ယာယီပိတ်ထားတာပါ။

ပိတ်မိနေတဲ့ အိမ်စီးကားနဲ့ ခရီးသည်တင်ယာဉ်တချို့ကို တိုက်ပွဲငြိမ်သက်ချိန်မှာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ပေမယ့် ကုန်တင်ယာဉ်တွေကို စက်တင်ဘာလ ၆ ရက်နေ့မှာသာ ဖြတ်သန်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဖြတ်သန်းသွားလာခွင့်ပြုလိုက်တဲ့ နေ့မှာပဲ မရမ်းချောင်းကျေးရွာမှာ ကုန်တင်ယာဉ်အပါအဝင် ကား ၃ စီး ပစ်ခတ်ခံလိုက်ရတာလို့ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးရဲဘော်တဦးက BBM ကို ပြောပါတယ်။

“အရင်နေ့တွေက တိုက်ပွဲအခြေအနေအပေါ်မူတည်ပြီး ပေးသွားတယ်ပေါ့နော်၊ အားလုံးတော့ မဟုတ်ဘူးပေါ့၊ ၆ ရက်နေ့ကျတော့ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေကအစ အကုန်ပေးသွားတာ၊ အဲဒီနေ့ပဲ စစ်အုပ်စုက ပစ်လိုက်တာပဲ၊ ထိတာတော့ ကားသုံးစီးလို့ သိထားရတယ်”

လို့ ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ၆ ဘီးကုန်တင်ယာဉ်မောင်းနဲ့ယာဉ်အကူတို့ နှစ်ဦး ကျည်ထိမှန်သေဆုံးသွားပြီး နောက်ထပ် ယာဉ်မောင်းတဦးခြေထောက်ကျည်ထိဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ဒဏ်ရာရရှိတဲ့ ခရီးသွားတချို့ရှိခဲ့သလို ၆ ဘီးယာဉ်လည်း မီးလောင်ပျက်စီးခဲ့ပြီး ကျည်ထိမှန်ထားတဲ့ ကုန်တင်ယာဉ်တစ်စီးနဲ့ ခရီးသည်တင်မှန်လုံယာဉ်တစီးလည်း လမ်းဘေးထိုးကျနေတယ်လို့ ဆိုပါတယ်။

“သေဆုံးသွားတဲ့သူက ဘယ်လိုမှ ထွက်ပြေးမရဘူးထင်ပါရဲ့၊ လူရော ကားရော မီးလောင်သွားတာဆိုတော့လေ၊ အလောင်းက ကောက်ပြီးပြီလားတောင် မသိဘူး၊ အဲဒီအနားဘယ်သူမှ မကပ်ရဲဘူးလေ”

လို့ အဲဒီလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ယာဉ်မောင်းတဦးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဒီပစ်ခတ်မှုကို တော်လှန်ရေးအဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာ ဝါဒဖြန့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က သူတို့လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆန်ပါတယ်။

“သူတို့(စစ်အုပ်စု)ဘယ်တုန်းက အမှန်ပြောနေလို့လဲ၊ သူတို့မှ မလုပ်ရင် ဘယ်သူလုပ်မလဲ၊ ဒီကောင်တွေ လုပ်နေကြပဲလေ၊ အရပ်သားပစ်မှတ်ထားတိုက်ခိုက်နေတာ လူတိုင်းသိတယ်”

လို့ အထက်ပါတော်လှန်ရေး ရဲဘော်က ပြောပါတယ်။ ရေဖြူမြို့နယ် ရေး-ထားဝယ်အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စစ်ရေးတင်းမာ နေတာဖြစ်ပြီး ဩဂုတ်လ ကုန်ပိုင်းမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး နေ့စဉ်ဆိုသလို ထိတွေ့မှု ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းကို အဓိက အသုံးပြုပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုကလည်း ပိုမိုများပြားလာတယ်လို့ တနင်္သာရီတိုင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ တွေက ပြောဆိုထားပါတယ်။

ဓါတ်ပုံ – Social Media

#BBM#UpdateNews#Junta#Peopledefenseforce

Leave a Comment

Latest Post

Latest Post