Monday, December 22, 2025
Home » ဖားကန့်တိုက်ပွဲတွေအတွင်း ကာမိုင်းဗျူဟာမှူး အောင်ဇော်လင်းမှ စစ်မှုထမ်းတပ်သားတွေကို မူးယစ်ဆေးနဲ့ အရက်သေစာသုံးစွဲစေကာ စစ်တိုက်ခိုင်း

ဖားကန့်တိုက်ပွဲတွေအတွင်း ကာမိုင်းဗျူဟာမှူး အောင်ဇော်လင်းမှ စစ်မှုထမ်းတပ်သားတွေကို မူးယစ်ဆေးနဲ့ အရက်သေစာသုံးစွဲစေကာ စစ်တိုက်ခိုင်း

0 19
19

🟥အဆိုပါဗျူဟာလက်အောက်မှ စစ်မှုထမ်းတပ်သားသစ် အမြောက်အများ ဘက်ပြောင်းခိုလှုံမှုတွေရှိ

ကချင်ပြည်နယ်၊ ဖားကန့်တိုက်ပွဲတွေအတွင်း ကာမိုင်းဗျူဟာမှူး အောင်ဇော်လင်းမှ ၎င်းလက်အောက်ရှိ စစ်မှုထမ်းတပ်သားသစ်တွေကို မူးယစ်ဆေးနဲ့ အရက်သေစာများသုံးစွဲစေကာ စစ်တိုက်ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းက KIAဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြား အဆိုပါဗျူဟာလက်အောက်ခံ စစ်မှုထမ်းတပ်သားသစ်အချို့ ဘက်ပြောင်းခိုလှုံတာတွေရှိပြီး အဆိုပါဘက်ပြောင်းခိုလှုံလာသူတွေရဲ့ပြောဆိုချက်အရ သိရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“ဖားကန့်ဘက်က တိုက်ပွဲတွေမှာ ကာမိုင်းဗျူဟာမှူး(အောင်ဇော်လင်း)က တပ်သားသစ်တွေကို မူးယစ်ဆေးနဲ့ အရက်သေစာတွေကို တရားဝင်ပုံစံသုံးခိုင်းတာတွေ၊ အဲ့တာတွေသုံးပြီးမှ စစ်တိုက်ခိုင်းတာတွေရှိတယ်လို့ အလင်းဝင်စစ်သားတွေဆီက ပြန်သိရတာမျိုးရှိတယ်”

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ တပ်မ(၃၃)မှ စစ်သည်အင်အားအများအပြားပါဝင်တဲ့စစ်ကြောင်းတွေဖြင့် စစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီး အဆိုပါအင်အားထဲ စစ်မှုထမ်းဆင်းသင်တန်းသားအများအပြားလည်း ပါဝင်တယ်လို့ရပါတယ်။

ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ စစ်မှုထမ်းသင်တန်းဆင်းအချို့က တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီး အလင်းဝင်ရောက်ပူးပေါင်းတာမျိုးတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါအလင်းဝင်ရောက်လာတဲ့ စစ်သည်တွေထဲမှ အများစုဟာ ပဲခူးတိုင်းဒေသဘက်မှဖြစ်ပြီး သြဂုတ်လ အလယ်လောက်မှ အခုချိန်ထိ စုစုပေါင်း ၁၂ယောက်ခန့်ရှိနေပြီလို့လည်း အဆိုပါ မြေပြင် စစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။

” ပစတွေ များနေတာပေါ့ ၊ ပဲခူးတိုင်းကနေလာကြတဲ့ ပစများတယ်၊ ၈လပိုင်း နောက်ဆုံးအသုတ်က ခန့်မှန်းတစ်ဒါဇင်လောက်ရောက်ပြီ၊ ၈လပိုင်းနဲ့၉လပိုင်း ၂ခုပေါင်းနော်၊ ၈လပိုင်းက လဝက်လောက်က စတာပေါ့နော် အဲ့တာ ဒီနေ့အထိပဲ”

စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ်အတွင်းရှိ ၎င်းတို့ လက်လွှတ်လိုက်ရတဲ့ နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်ရန်အတွက်ပြီးခဲ့တဲ့ မေလမှစတင်ကာ ဖားကန့်ကို ထိုးစစ်ဆင်လာခဲ့ပြီး ထိုအချိန်မှစပြီး အခုချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

Photo-စစ်မြေပြင်မှKIAတပ်ဖွဲ့ဝင်တစ်ဦး

Leave a Comment

Latest Post

Latest Post