ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးနဲ့ ဗန်းမော်မြို့တို့မှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေများနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၉)ရက်နေ့မနက်ပိုင်းက ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီးမှာရှိတဲ့ ညောင်ပင်ကုန်းစခန်းနားကို စစ်ကောင်စီတပ်သား(၃၀) လောက်ရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ယောက်လောက် ထိခိုက်သေဆုံးခဲ့ပြီး ကျန်၁၀ယောက်ကျော်မှာ တိုက်ပွဲဖြစ်ပွါးရာနေရာမှ ကနဦးစွန့်ခွါထွက်ပြေးခဲ့တယ်လို့လည်း သိရပါတယ်။
အထိနာသွားတဲ့ စစ်တပ်အနေနဲ့ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်လာတဲ့အပြင် ကျန်ရှိနေတဲ့ ၎င်းစစ်သားတွေရဲ့အလောင်းကိုကောက်ယူနိုင်ဖို့အတွက် လက်နက်ကြီးပစ်ကူများသုံးကာ ချဥ်းကပ်ခဲ့တာကြောင့်တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။
“မနေ့က ညောင်ပင်ကုန်းမှာ ဒီကောင်တွေတိုးလာလို့တိုက်ပွဲဖြစ်တာ တစ်နေကုန်ပဲ (၂၀)လောက်ကျသွားတယ်၊ မြေပြင်မှာက (၂၀)တောင် ကချင်မှ ကမယ်၊ ခုလဲညောင်ပင်ကုန်းဘက်မှာတွယ်နေကြတယ် တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ၊ ညက တစ်ညလုံးလည်းပစ်တယ်လေ မိုးရွာနေလည်း ပစ်တာပဲ ဒီမနက်အထိကိုတွယ်နေတုန်း”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ် အတွင်းက ညောင်ပင်ကုန်းစခန်းကိုသာမက အနီးအနားရှိ ဆန်းကြွယ်၊မှော်တောင်၊ရှရော်ခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ အမှိုက်ပုံကျေးရွာတစ်ကြောနဲ့ အခြား ၎င်းတို့စိုးမိုးမှုမရှိတဲ့ ဒေသတွေမှာပါ စစ်ကြောင်းတိုးတာတွေ တောက်လျှောက်ပြုလုပ်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုရှိပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ၉ရက်(မနေ့)ကလည်း ဆန်းကြွယ်ကျေးရွာအနောက်တောင်ကြောဘက်ကို နေ့ခင်းပိုင်းမှာ လေယာဥ်ဖြင့်ပစ်ကူလာပေးတာတွေကို ပြုလုပ်ကာ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေပါ ဖောဖောသီသီအသုံးပြုနေတယ်လို့ သိရပါတယ်။
“လေယာဥ်လာကြဲသွားတာက ဆန်းကြွယ် နောက်ဘက်တောင်ကုန်းကြောကိုကြဲသွားတာ လူအထိခိုက်မရှိဘူး၊ ခုဖြစ်နေတာက ဆန်းကြွယ်၊မှော်တောင်း၊ ရှရော်ခ ၊ ညောင်ပင်ကုန်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး အဲ့ဘက်တစ်ကြော အကုန်လုံးဖြစ်နေတာလေ မနေ့ညကလည်း တစ်ညလုံးဖြစ်နေတာ”
ဒါတင်မက ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဗန်းမော်မြို့ပေါ်မှာလည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်ကာ စစ်ကောင်စီဘက်က လူ၊လက်နက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့မနက်ပိုင်းမှာလည်း ဗန်းမော်မြို့ရှိ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်းအနီး တော်လှန်ရေးအင်အားစုတွေနဲ့ စကစတို့ တိုက်ပွဲဖြစ်ပွါးပြီး စကစရဲ့ အလောင်းလက်နက်တွေကို သိမ်းဆည်းရမိခဲ့တာတွေရှိတယ်လို့လည်း သိရပါတယ်။
“ဖားကန့်ပဲမဟုတ်ဘူး ဗန်းမော်မှာပါ ချနေတာ၊ ခုလည်း ချနေတာ ဗန်းမော်မှာက လေယာဥ်ကွင်း၊အမြောက်တပ်၊ ပြီးတော့ ၂၁ဝန်းကျင်တွေ တောက်လျှောက်ဖြစ်တယ်”
စစ်ကောင်စီအနေနဲ့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေအတွင်း စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားတဲ့ တပ်သားသစ်တွေကို အသုံးပြုတာတွေရှိသလို ဗန်းမော်မြို့တိုက်ပွဲမှာလည်း ဗန်းမော်အကျဥ်းထောင်ရှိ အကျဥ်းသားအချို့ကို စည်းရုံးပြီး စစ်သင်တန်းပေးကာ အသုံးပြုနေတာတွေရှိတယ်လို့လည်း သိရပါတယ်။