Monday, December 22, 2025
Home » ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု ဆက်တိုက်လုပ်လာနေ

ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု ဆက်တိုက်လုပ်လာနေ

0 21
21

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားလာတာကြောင့် အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကျောက်ဖြူမြို့ အရှေ့ဖက်မှာတည်ရှိတဲ့ သစ်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်)ကို စစ်ကောင်စီတပ်က ရေကြောင်းကနေ စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့်တင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ဖြူစစ်ရေးအခြေအနေကို သိရှိသူတွေဆီက သိရပါတယ်။

အဲဒီစစ်အင်အားတွေကို ဓညဝတီရေတပ်ဌာနချုပ်အနီးက ရှေ့ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားပြီး လုံခြုံရေးတိုးမြင့်ထားကာ အာရက္ခတပ်တော် AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

“ရေတပ်ဌာနချုပ်ကို စစ်သင်္ဘော ၃ စီး ထပ်ရောက်တယ်လို့ သိရပါတယ်။ စစ်အင်အားဖြည့်တင်းဖို့ ရောက်တာလို့ သိရတယ်ဗျ။ သူတို့တွေကို ရေတပ်ဌာနချုပ်ရဲ့ အရှေ့က ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ AA သိမ်းထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့အတွက် ထပ်မံပို့ဆောင်တာ ဖြစ်နိုင်ပါတယ်။ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲကတော့ ငြိမ်နေပေမဲ့ နှစ်ဖက်လက်ကြီး ပစ်ခတ်နေတာတော့ ကြားရပါတယ် ”

လို့ ကျောက်ဖြူမြို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက အာရက္ခတပ်တော် AA သိမ်းထားတဲ့ သစ်ပုတ်တောင်လမ်းတစ်လျှောက်က ဦးကင်း၊ စိုင်းခြုံ၊ ကြက်တောပြင်၊ စည်မော်၊ ကြတ္တိန်၊ ပျားတဲ၊ သပြုတောင်စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးဖောက်ဝင်ရောက်ဖို့အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အလားတူ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က ဂုံးချွိန်တိုက်နယ်ရှိ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းတွေကလည်း အမှတ် ၃၂ ရဲ့တပ်ရင်းနဲ့ ပြိုင်စေ့ကေကျေးရွာက ကာကင်းစခန်းတွေကို စစ်အင်အား ထပ်မံဖြည့်တင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နဲ့ မလကျွန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကနေ AA သိမ်းထားတဲ့နေရာတွေကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ထိုးစစ်ဆင်လာမှုအတွင်းမှာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေရှိခဲ့ကာ အကျအဆုံးတွေများစွာနဲ့ တပ်လန့်ကာထွက်ပြေးမှုတွေ ပိုများနေခဲ့ပြီးတော့ လက်ရှိမှာ စစ်ကောင်စီက နောက်ထပ်တဖန် ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့လကတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဗျ။ သူတို့ကတော့ တိုက်ပွဲဖြစ်တိုင်း ထွက်ပြေးမှုတွေရှိနေတာကြောင့် ပြန်ပြီးတော့ ဆုတ်လာမှုတွေ ရှိတယ်လို့ ကြားရပါတယ်။ ပြီးတော့ ခံစစ်ကာကင်းစခန်းတွေမှာ နေရာယူကြတယ်လို့ သိရပါတယ်။ စကစကတော့ တက်လိုက်ဆုတ်လိုက်အဲလိုမျိုးဖြစ်နေပါတယ်”

လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းလောက်မှာလည်း စစ်ကောင်းစီတပ်ဟာ အမှတ် ၃၂ ရဲတပ်ရင်းကနေပြီးတော့ မင်းတပ်တောင်နဲ့ နှမ်းဖဲတောင်ကျေးရွာဖက်ကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လက်ရှိမှာ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ အင်အားအများအပြားဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ရေတပ်အင်အားကို တို့ချဲ့ချထားသလို့ နည်းပညာမြင့်ဒရုန်း တရုတ်စစ်သားတွေ၊ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ် ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

ပုံစာ – စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုး ပြင်ဆင်နေပုံကို တွေ့ရစဥ်။ ပုံဟောင်း

Leave a Comment

Latest Post

Latest Post