ရခိုင်က အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုအထဲက မြို့နယ် ၁၀ ခုမှာ စစ်ကော်မရှင်ရဲ့ လွှတ်တော် ၃ ရပ် ရွေးကောက်ပွဲမကျင်းပဘူးလို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စစ်ကော်မရှင်ဟာ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို ကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားပြီး လက်ရှိမှာ ရခိုင်က AA သိမ်းထားမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၁၀ မြို့နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ် တို့ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်က သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ထားပြီး ရခိုင်ကမှတ်ပုံတင် ခွင့်ပြုထားတဲ့ ပါတီရုံးတွေမှာလည်း အဲဒီမြို့နယ်တွေမှာ စတင်လှုပ်ရှားနေကြပြီးလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် AA သိမ်းထားတဲ့ မြို့နယ် ၁၄ ခုထဲက ၁၀ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဖို့ပြင်ဆင်ထားပေမဲ့ ကျန်တဲ့မြို့နယ် ၄ ခု ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေလာတာလည်း ဖြစ်ပါတယ်။
အဆိုပါ မြို့နယ် ၄ ခုကို အာရက္ခတပ်တော် AA က လက်ရှိမှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်မီအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်သလို စစ်ရေးအရဖိအားတိုက်ခိုက်လာနိုင်တယ်လို့ ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောပါတယ်။
“စစ်ကော်မရှင်ဟာ AA သိမ်းထားတဲ့ မြို့နယ် ၁၀ ခုမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ကြေညာထားတာတွေ့ပါတယ်။ ဆိုတော့ ကျန်တဲ့မြို့နယ် ၄ ခုမှာက သူတို့ရွေးကောက်ပွဲ ပြုလုပ်မဲ့သဘောကို တွေ့ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင်အထိတော့ အဲဒီမြို့နယ်တွေကို စစ်ရေးအရဖိအားပေးတိုက်ခိုက်လာနိုင်ပါတယ်။ အဲဒီမြို့နယ် ၄ ခုမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် တွက်ဆထားပုံရတယ် ”
လို့ သူက ပြောပါတယ်။ စစ်ကော်မရှင်ဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နဲ့ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ် စုစုပေါင်း မဲဆန္ဒနယ် ( ၁၂၁ ) နေရာတွေမှာရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာမဟုတ်ဘူးလို့လည်း စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့ကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို စတင်ကျင်းပမှာ ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမဲ့ ရွေးကောက်ပွဲရက်တွေကို ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ပထမအပိုင်းကို ရခိုင်က မြို့နယ် (၃) မြို့၊ ကချင်က မြို့နယ် (၆) မြို့၊ကရင်နီက မြို့နယ် (၂) မြို့၊ ကရင်က မြို့နယ် (၃)မြို့၊ ချင်းက မြို့နယ် (၂)မြို့၊ စစ်ကိုင်းတိုင်းက မြို့နယ် (၁၂) မြို့၊ တနင်္သာရီတိုင်းက မြို့နယ် (၄) မြို့၊ ပဲခူးတိုင်းက မြို့နယ် (၈) မြို့၊ မကွေးတိုင်းက မြို့နယ် (၉) မြို့၊ မန္တ လေးတိုင်းကမြို့နယ် (၈)မြို့၊ မွန်က မြို့နယ် (၅) မြို့၊ ရန်ကုန်ကမြို့နယ် (၁၂) မြို့၊ ရှမ်းက မြို့နယ် (၁၂) မြို့၊ ဧရာဝတီတိုင်းက မြို့နယ် (၈) မြို့နဲ့ နေပြည်တော်က မြို့နယ် (၈) မြို့နယ် တို့မှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ဟာလာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁၂၇ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်က မြို့နယ်တွေမှာ ကချင်ပြည်နယ်မှာ ၄ မြို့နယ်၊ ကရင်နီပြည်နယ်မှာ ၃ မြို့နယ်၊ ချင်းပြည်နယ်မှာ ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ မြို့နယ်၊ မကွေးတိုင်းမှာ ၅ မြို့နယ်၊ မန္တလေးတိုင်းမှာ ၃ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၁၀ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၇ မြို့နယ်တို့ပါဝင်နေတာလည်း ဖြစ်ပါတယ်။