စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အ၀င်အထွက် ဂိတ်တွေမှာ စစ်ကောင်စီက မဲပေးစက်တွေ ချထားပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို မဲမပေးမနေရ နှိပ်ခိုင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့၀င် Black က BBM ကိုပြောပါတယ်။
စက်တင်ဘာလ၁၄ရက်နေ့ကတည်းကစတင်ပြီး ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး မြို့အနီးအနားရှိ ကျေးရွာ ၄ ရွာမှ ပြည်သူတွေဟာ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ နမခ မှ တက်လာတဲ့ Mi-17 ရဟတ်ယာဉ်ကလည်း ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်းမှာ ဆင်းသက်ခဲ့ပြီး မဲပေး စက်များချထားခဲ့တယ်လို့သိရှိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြို့အနီးအနားရှိ ကျေးရွာတွေမှ ပြည်သူတွေကို ရွေးကောက်ပွဲမှာ ပူးပေါင်း ပါဝင်ဖို့ မဲဆွယ်စည်းရုံးရေးတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ပြည်သူ့စစ်တွေနဲ့လည်း အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။
“ရေဦးမြို့ အ၀င်အထွက် ဂိတ်တွေမှာ စခတွေက မဲမပေးမနေရဆိုပြီး မဲပေးစက်တွေချထားတာရှိတယ်။ ခြိမ်းခြောက်တာမျိုးတွေလည်းရှိတယ်ကိုကြီး။ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အသွားအလာမလုပ်ဖို့ တိုက်တွန်းထားကြတယ်”
လို့ အဆိုပါရဲဘော်က ဆက်လက်ပြောကြားပါတယ်။ ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ ပုလဲ၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ရွှေဘိုစတဲ့ မြို့နယ်တွေမှာ ဖြန့်ကျက်ပြီးက စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေဦး-ဒီပဲယင်းကား လမ်းပိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ပြီး စစ်ရေး အခြေအနေအရကြောင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် နည်းလမ်းမျိုးစုံနဲ့ မဲကောက်ယူလာနေတာပဲဖြစ်ပါတယ်။