ကော့ကရိတ် – မြဝတီအာရှလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီးလို့ သတင်းလွှင့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြားမှာ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ တော်လှန်ရေး တပ်တွေထံမှ သိရပါတယ်။
စစ်ကောင်စီက ယင်းနယ်မြေမှာ အခြေစိုက်တပ်ရင်းတွေအပြင် ဘားအံအခြေစိုက်တပ်ရင်းတွေကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းဖြည့်တင်းပြီး ကျုံဒိုးနှင့် ကော့ကရိတ်မြို့ဘက် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးလာနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အာရှလမ်းပိုင်းတွေနဲ့ ကျေးရွာလမ်းပိုင်းတချို့မှာ နေ့စဉ်ဆိုသလို ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ အဲဒီနယ်မြေမှာ လှုပ်ရှားတဲ့ တော်လှန်ရေးရဲဘော်တဦးက BBM ကို ပြောပါတယ်။
“သူတို့က အလုံးစုံထိန်းချုပ်ထားတာ မဟုတ်ဘူးလေ၊ တိုက်ပွဲက အခုထိဖြစ်နေတုန်းပါပဲ၊ အခုက ဒီကောင်တွေ နွားခြံကုန်းနားလောက်မှာပဲ ရှိနေတာ၊ ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက်ပေါ့၊ သူတို့ ဝင်လာတဲ့အပေါ်မူတည်ပြီး လှုပ်ရှားတာပေါ့၊ သူတို့ ထိုးလာတယ်၊ ထိတယ်၊ ပြန်ဆုတ်ပြီး လူဖြည့်ပြီး ပြန်တိုးနေတော့ တခါတလေ ဒီဘက်က စစ်ပန်းပြီး ပြန်ဆုတ်လိုက်ရတာမျိုးရှိတယ်”
လို့ ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို အများအပြားဖြည့်တင်းထားပြီး လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ကူပေးနေပေမယ့် အာရှလမ်းပိုင်းကို ဒီကနေ့အထိအလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ဖြေဆိုခွင့် မရှိဘူးလို့ အဆိုပါရဲဘော်က ပြောပါတယ်။
ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်နိုင်ခဲ့တဲ့ သင်္ဃန်းညီနောင်ဗျူဟာတွေ အပါအဝင် ကော့ကရိတ်-အာရှလမ်းပိုင်းနေရာတချို့ကို စစ်အုပ်စုက အခုလပထမအပတ်ထဲမှာ ထိန်းချုပ်လိုက်ပြီး အဲဒီလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ဖို့ အပြင်းအထန်းစစ်ကြောင်းထိုးနေတာပါ။
“အာရှလမ်းက ချက်ချင်းဖို့တော့ မလွယ်ကူသေးဘူးထင်တယ်၊ အတင်းအကြပ်ဖွင့်ရင်တော့ ပွင့်ကောင်း ပွင့်လာနိုင်တယ်၊ လုံခြုံရေးမှုကတော့ မသေချာဘူးပေါ့”
လို့ မော်လမြိုင်-မြဝတီယာဉ်ပြေးဆွဲနေသူ တဦးက ပြောပါတယ်။ ဒါ့အပြင် မြဝတီမြို့တောင်ဘက်က လေးကေ့ကော်အပါအဝင် အဲဒီနယ်မြေတလျှောက် စစ်အုပ်စု လက်လွှတ်ထား ရတဲ့ တပ်ရင်းတပ်စခန်းတွေကို ပြန်လည်ရရှိဖို့ စစ်အုပ်စုက ကရင်နယ်ခြားစောင့် BGF/KNA အကူအညီတွေနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
“ဒီဘက်ကတော့ ဝင်နေတုန်းပဲ၊ တိုက်ပွဲကြီးကြီးမားမားတော့ မဖြစ်သေးဘူး”
လို့ ပြောပါတယ်။ လက်ရှိ စစ်ရေးဗျူဟာအရ အရေးပါတဲ့ မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာ လက်ခတ်တောင်ကို စစ်အုပ်စု ထိန်းချုပ်ထားပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)တံတားအပါအဝင် မြဝတီမြို့အတွင်း နေရာအများစုကို စစ်အုပ်စု ဝင်ရောက် တပ်စွဲထားပြီး နေရာအနှံ့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
ဓါတ်ပုံ – Social Media
#BBM#News#Updatenews#Karen#Junta#Battle