ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီးမှာ စစ်ကောင်စီက တပ်စခန်းချနေထိုင်နေကြတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုကို လေကြောင်းကနေ Y 12 နဲ့ မှားယွင်းစွာ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ရှမ်းမြောက်ကဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းဝန်ကျင်လောက်မှာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအလွန်က ကျောက်မဲ – နောင်ပိန်ကြားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ တပ်စခန်းချနေစဥ် သူတို့ကိုယ်တိုင်မှားယွင်းကာ Y 12 နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“အဲဒီဖက်မှာ ဗုံးကြဲတိုက်ခိုက်တာတော့ ကြားရပါတယ်။ စကမက သူတို့ကိုယ်တိုင် ကြဲချပြီး သေဆုံးသွားတာမျိုးတော့ သိရပါတယ်။ ဘယ်နေရာမှာ ချသွားတာလည်း ဆိုတာကတော့ စုံစမ်းနေတုန်းပါဗျ”
လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို ထိန်းချုပ်ထားပြီး အဲဒီရွာကနေတစ်ဆင့် ကျောက်မဲမြို့ဦးတည်ကာ ထိုးစစ်ဆင်လာနေတာဖြစ်ပြီး နောင်ပိန် – ကျောက်မဲ လမ်းမကြီးပေါ်ရှိ ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာအနီးဝန်းကျင်မှာ စစ်ကောင်မရှင်နဲ့ တအာင်းတပ် TNLA တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက သေဆုံးမှုတွေများပြားနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် နေ့စဥ်နဲ့အမျှ ဗုံးလာရောက်ကြဲချမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းကျေးရွာကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
နောင်ပိန်ကျေးရွာကနေ ကျောက်မဲမြို့ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ကျောက်မဲမြို့နဲ့ ၈ မိုင်ခန့်အကွာအဝေးကို ရောက်ရှိလာခဲ့ပြီး ဖြစ်တာကြောင့် ကျောက်မဲမြို့ပေါ်က ဒေသခံတွေနဲ့ ကျေးရွာတစ်ချို့မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံ-CJ
#BBM#News#UpdateNews#Junta#Airstrike#kyaukme