မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေပျက်စီးကာ ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ ဒေသပြည်သူတစ်ဦးက BBMကိုပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၇ နာရီ ၈ မိနစ်ခန့်က မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားအနောက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။
“အိမ်တွေတော့ တုန်တယ်ဗျ။ လူတွေသိပ်မရှိလို့ တော်သေးတယ်ဗျ။ အရင်တစ်ခါကြဲပြီးကတည်းက အဲ့နားကလူတွေ တခြားမြို့ကို ရှောင်သွားကြပြီ”
လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ မနက်၉နာရီ၀န်းကျင်နဲ့ ၉ နာရီ ၃ မိနစ်အချိန်တို့မှာလည်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၁ဦး အပါအ၀င် ပြည်သူ ၄ ဦးသေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ခွဲအချိန်န့်ကလည်း မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ မနက် ၈ နာရီ ၂၅ မိနစ်ခန့်ကလည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက ဩဂုတ်လ တစ်လအတွင်း မိုးကုတ်မြို့ရှိ အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၇ကြိမ်ထိ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး မြေပြင်ရော လေကြောင်းကပါ ဆက်တိုက်ထိုးစစ်ဆင်မှုတွေလုပ်လာတာပဲဖြစ်ပါတယ်။
Photos-Local Resident
#BBM#News#UpdateNews#Mogok#Airstrike#Junta