Sunday, December 21, 2025
Home » ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်တိုက်ခိုက်မှုတွေပြုလုပ်နေ

ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်တိုက်ခိုက်မှုတွေပြုလုပ်နေ

0 18
18

🟥စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုများပြီး မြို့ရဲ့ကာကင်းအချို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ကသာခရိုင်အတွင်းမှ ဗန်းမောက်မြို့ကို KIAနဲ့တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီမှ ထိခိုက်ကျဆုံးမှုတွေရှိသလို မြို့ရဲ့ကာကင်းစခန်းတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့ မနက်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုတွေက ဗန်းမောက်မြို့ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါနေ့မှာတင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးကာ စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကျဲမှု(၂)ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါဗန်းမောက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် စကစလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အားတွေလည်း အများအပြားရှိနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်မှ စစ်ကောင်စီနဲ့ရှမ်းနီတပ်ဖွဲ့တွေ အထိုင်ချတပ်စွဲထားတဲ့ ဗန်းမောက်မြို့ကာကင်းစခန်းကုန်းအချို့ကို တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုတွေရှိပြီး ကာကင်းစခန်းကုန်းအချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဗန်းမောက်က ကာကင်းတွေကို ဝင်တိုက်နေပါတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံးများတယ်ဆိုတာဟုတ်ပါတယ်ခင်ဗျ၊ အရေတွက်တော့သေချာမသိရသေးဘူးဗျ၊ တိုက်ပွဲဖြစ်ပြီး စခ တွေဘက်က ၁၅ရက်နေ့က လေကြောင်းလာကြဲသွားတာရှိပါတယ် နှစ်ခေါက်လာကြဲသွားတာပါ”

ဟု ကသာခရိုင်အမှတ်(၄)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။ စက်တင်ဘာလ၁၅ရက်နေ့အစောပိုင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွါးခဲ့တာမို့ ပြည်သူတွေ အနေနဲ့ကြိုတင်ပြင်ဆင်ထားမှုမရှိတာကြောင့် စစ်ရှောင်ချိန်မရဘဲ ဗန်းမောက်မြို့အတွင်း ပိတ်မိနေတယ်လို့ သိရပါတယ်။

မြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့တို့မှ စစ်ရှောင်ခွင့်မပေးဘဲ မြို့တွင်းမှာသာနေစေခိုင်းထားတယ်လို့သိရပြီး တိုက်ပွဲအတွင်းက လက်နက်ကြီး၊လက်နက်ငယ်အပြင် စစ်တပ်ရဲ့လေကြောင်းအန္တရာယ်နဲ့ပတ်သတ်ပြီး ပိတ်မိနေတဲ့ပြည်သူတွေအနေနဲ့စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။

အဆိုပါဗန်းမောက်မြို့အတွင်း စစ်ကောင်စီရဲ့ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းအချို့အပါအဝင် အခြားတပ်ရင်းများ၊ ရှမ်းနီတပ်မတော်မှ အင်အားများဖြင့် စုစုပေါင်း အင်အား၅၀၀ပတ်ချာလည်ထိ ရှိနေနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်မှ အဆိုပါဗန်းမောက်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကုန်းအချို့ကို သိမ်းပိုက်ပြီးတဲ့နောက် ရှိရင်းစွဲအင်အားတွေအပြင် စစ်ကောင်စီအနေဖြင့် ဟုမ္မလင်းဘက်မှ စစ်ကူပို့အင်အားဖြည့်တင်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ၎င်းမှဆက်ပြောပါတယ်။

“အင်အားဖြည့်တာတွေတော့ရှိမယ်ဗျ၊ ခြေလျင်သွားလို့ရတယ်လေ၊ အဖြစ်နိုင်ဆုံးကတော့ဟုမ္မလင်ဘက်ကပဲဖြစ်မယ်၊ ပြီးတော့ ဗန်းမောက်ထဲမှာ စစ်တပ်ကောရှမ်းနီကော ၅ရာလောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းရတယ်သေချာတော့အတည်ပြုလို့မရဘူးဗျ၊ပြီးတော့ ပြည်သူအချို့လည်း မြို့တွင်းပိတ်မိနေတာမျိုးတွေရှိတယ်”

ဗန်းမောက်မြို့အတွင်း လက်ရှိအချိန်ထိ ဖုန်းလိုင်း၊အင်တာနက်လိုင်းအချို့ပြတ်တောက်မှုတွေရှိသလို တိုက်ပွဲစတင်ခဲ့တဲ့ စက်တင်ဘာလ၁၅ရက် နေ့ကစပြီး အင်းတော်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံးရေးအရ ဗန်းမောက်-အင်းတော် ကားလမ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ဟာ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကမြို့ဖြစ်သလို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်နဲ့ထီးချိုင့်မြို့နယ်တို့နဲ့လည်း နီးစပ်မှုတွေရှိပြီး လူဦးရေ၈၅၀၀ကျော်နေထိုင်တဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post