မြို့နယ်အတွင်းရှိ ဆန်းကြွယ်ကျေးရွာအတွင်းမှ တော်လှန်ရေးအင်အားစုတွေ စကစ ထိုးစစ်ကြောင့် နောက်ပြန်ဆုတ်ပေးရ
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ ဖားကန့်မြို့ကို စစ်ကောင်စီမှ ကား(၈)စီးဖြင့် အင်အားထပ်မံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၁၆ရက်နေ့က ကာမိုင်း-ဖားကန့်လမ်းပိုင်းမှတဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများလိုက်ပါလာခဲ့တဲ့ စစ်ကာ(၈)စီးပါ စစ်ကောင်စီယာဥ်တန်းဟာ စက်တင်ဘာလ၁၇ရက်နေ့မှာတော့ ဖားကန့်မြို့အတွင်းကို ရောက်ရှိလာပြီး ရှိရင်းစွဲတပ်တွေနဲ့ပေါင်းကာ အင်အားဖြည့်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ကား(၈)စီးဆိုတာ အမှန်ဟုတ်တယ်ဗျ၊ ဒီ နန့်ယားမှာရှိတဲ့ ရွာခံတွေအတည်ပြုတယ်ဗျ၊ အခုဆို ရောက်ပြီပေါ့၊ ယမ်းချက်လား၊ လယ်ပြင်လား ရောက်ရောပေါ့”
ဟု ဖားကန့်ဒေသခံတစ်ဦးမှ BBMကိုပြောပါတယ်။ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဖားကန့်မြို့နယ်ကို ပြီးခဲ့တဲ့မေလမှစတင်ကာ တပ်မ၃၃ လက်အောက်ခံတပ်ရင်းအများစုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပါတယ်။
စစ်ကောင်စီထိုးစစ်ဆင်ရာ မေလမှစတင်ပြီး လုံခင်း၊ ယမ်းချက်အပါ ကာမိုင်း-ဖားကန့်လမ်းတစ်လျှောက် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှ စစ်စခန်းတချို့ကို နောက်ဆုတ်ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ဖားကန့်မြို့ရဲ့ စိုးမိုးကုန်းတွေဖြစ်တဲ့ လမောင်းကုန်းနဲ့မှော်မောင်းကုန်းအပါ အခြားသော ဗျူဟာစခန်းအချို့ကိုတော့ စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်ထိ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အဆိုပါစခန်းကုန်းတွေသွားရာ လမ်းတစ်လျှောက် စစ်ကြောင်းတန့်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီမှထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲပြုလုပ်မဲ့ မြို့နယ်စာရင်းထဲ ဖားကန့်မြို့ပါဝင်လာပြီးတဲ့နောက် စစ်တပ်ဘက်က လူအင်အား၊ လက်နက်အင်အားဖြည့်တင်းတာတွေပိုမိုပြုလုပ်ခဲ့တယ်လို့ အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။
“အဓိက ကတော့ ရွေးကောက်ပွဲပေါ့၊ ရွေးကောက်ပွဲလုပ်ဖို့ ဖားကန့်က လျာထားတာဆိုတော့၊ အဲ့တာကို အဓိကဦးတည်တာပဲ၊ အဲ့တာကြောင့်လည်း သူတို့စိုးမိုးနယ်မြေတွေ များများပြန်ရနိုင်ဖို့ကြိုးစားတာပေါ့နော်၊ ဘာလို့လဲဆိုတော့ လက်ရှိမှာ စစ်ကြောင်းဆိုင်ထားတဲ့နေရာတွေကလည်း ရှေ့မတိုး၊ နောက်မဆုတ်အနေအထားဖြစ်နေတယ်၊ သူတို့ရှေ့တိုးနိုင်အောင် ကြိုးစားနေတာတွေ့ရတယ်၊ အဲ့တာကြောင့် အင်အားထပ်ဖြည့်တာပေါ့”
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့ကတိုက်ပွဲတွေမှာလည်း မြေပြင်စစ်ကြောင်းထက် ဒရုန်းကိုသာ အဓိကအသုံးပြုပြီး ပစ်မှတ်ရှာဖွေတာတွေ၊ တိုက်ခိုက်တာတွေပြုလုပ်နေတယ််လို့လည်း သိရပါတယ်။
“လက်ရှိမှာလည်း ရှေ့တိုးနိုင်အောင် သူတို့ ဒရုန်းတွေဖောဖောသီသီသုံးလာတယ်။ အဓိက ကတော့ တော်လှန်ရေးဘက်ကို ခြိမ်းခြောက်နေတာက ဒရုန်းပေါ့၊ အဲ့ဒရုန်းတွေနဲ့ ပစ်မှတ်ရှာတယ်၊ ပစ်မှတ်ရှာပြီးတော့ ဒရုန်းတွေနဲ့ပဲကြဲချတာတွေကို တောက်လျှောက်လုပ်လာ ဖိအားပေးလာတာပေါ့”
စစ်ကောင်စီရဲ့ အဆိုပါပြင်ဆင်မှုတွေနဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဆန်းကြွယ်ကျေးရွာမှတော်လှန်ရေးအင်အားစုတွေ ဆုတ်ခွါခဲ့ရသလို ရှရောခ၊ ညောင်ပင်ကုန်း၊ အမှိုက်ပုံ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မျောက်ဖြူ၊ယူမာကျေးရွာတစ်ဝိုက်တွေမှာလည်း စစ်ရေးအခြေအနေတင်းမာမှုတွေရှိနေတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။
“ဒီရက်ပိုင်းဆိုရင် ဆန်းကြွယ်ဘက်ဆုတ်ပေးလိုက်ရပြီ၊ လက်ရှိမှာလည်း ရှရောခ ၊ ညောင်ပင်ကုန်းကို တိုက်ခိုက်နေတာပေါ့၊ အဲ့တာတွေကတော့ မရသေးဘူး ၊ အဓိက ဒရုန်းကိုပဲများများသုံးလာနေတယ်၊ အဲ့လိုမျိုးတိုက်ခိုက်လာတယ်၊ အင်အားတွေထပ်ဖြည့်လာတယ်၊ အဓိက မူရင်း ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ပါ”
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ တပ်မ၃၃နဲ့ ကာမိုင်းဗျူဟာလက်အောက်ခံတပ်ရင်းများနဲ့အခြားတပ်ရင်းများအပြင် ရှမ်းနီတပ်ဖွဲ့တွေလည်း ပူးပေါင်းစစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo-ပုံဟောင်း