ရန်ကုန်-မြစ်ကြီးနား ၊မန္တလေး- မြစ်ကြီးနား လေယာဥ်လက်မှတ်ခများ အဆမတန်မြင့်တက်လာနေတယ်လို့ မြစ်ကြီးနားခရီးသည်တစ်ဦးထံမှ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နောက်ပိုင်းကစပြီး ရန်ကုန်- မြစ်ကြီးနား လေယာဥ်လက်မှတ်ခနူန်းထားမှာ တကြောင်းစာအတွက် လေကြောင်းလိုင်းအမျိုးအစားအပေါ်လိုက်ပြီး အနိမ့်ဆုံး ၆ သောင်းခွဲကျပ်မှ အမြင့်ဆုံး ၈၆၀၀၀၀ ကျပ်ကျော်ရှိလာပြီးစက်တင်ဘာ ၈ ရက်မတိုင်ခင်က လေယာဥ်လက်မှတ်ခနူန်းထားမှာ ၆ သိန်းကျပ်ကျော်သာ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ရန်ကုန် မြစ်ကြီးနာလေယာဥ်လက်မှတ်က ရှစ်သိန်းကျော်သွားပြီ ။ကိုယ်ကရက်အမြန်လိုလို့ ပွဲစားတွေနဲ့ ဝယ်မယ်ဆိုရင် ကိုးသိန်းကျော် ဆယ်သိန်းလောက်အထိပေးရတယ်။လေကြောင်းလိုင်းအပေါ်လိုက်ပြီးကွာတာပေါ့။ဘယ်လိုကြောင့် ဒီလောက်ထိတက်နေလဲ မသိပါဘူး။ ဘာကြောင့်တက်ရပါတယ်ဆိုတာမျိုးလည်းလေကြောင်းလိုင်းတွေက အသိပေးတာမရှိဘူး။ကိုယ်သွားချင်တဲ့ရက်နဲ့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီမှာရရင်တော့ ရောင်းစျေးအမှန်ရမှာပေါ့။ အဲဒါကလည်းသိပ်တော့မလွယ်ဘူး။ကားလမ်းတွေအဆင်မပြေလို့ လေယာဥ်အားကိုးမယ်ဆိုတော့ စျေးကခေါင်ခိုက်နေတယ်။”
လို့ ရန်ကုန် – မြစ်ကြီးနားကို လေယာဥ်ခရီးစဥ်နဲ့သွားရောက်ခဲ့သူ မြစ်ကြီးနားဒေသခံကပြောပါတယ်။ ရန်ကုန် – မြစ်ကြီးနား လေကြောင်း လက်မှတ်စျေးနူန်းတွေအဆမတန်မြင့်တက်မှုနဲ့အတူ မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေးနူန်းကလည်း ၄၀၀၀၀၀ ကျပ်ကျော်မှ ၅၀၀၀၀၀ ကျော်အထိရှိနေတယ်လို့သိရပါတယ်။
” စျေးလေးနည်းနည်းတော့တက်လာတယ် ။သောင်းဂဏန်းပါဘဲ။ပွဲစားကတဆင့် ဝယ်သူကတော့ ပုံမှန်ထက်ပိုများတယ်။ လက်မှတ်ခက ရက်အလိုက် စျေးနူန်းကအပြောင်းအလဲလည်းရှိပါတယ်။ “
လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ ရန်ကုန်မှ ဘန်ကောက်ကို လေယာဥ်လက်မှတ် တကြောင်းစာကိုမှ မြန်မာငွေ ၅ သိန်းကျော်သာရှိချိန်မှာ မြစ်ကြီးနား – ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ၈ သိန်းကျော်အထိအဆမတန်မြင့်တက်လာတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
” ကိုယ့်ပြည်တွင်း သွားတာကို ဒီလောက်ကြီးတက်တာကျ လွန်သွားပြီ။ ကားတွေလို့ လမ်းမှာဂိတ်ကြေးပေးရတာလည်းမရှိဘဲ မကြာခဏတက်နေတာ။”
လို့ မြစ်ကြီးနား ဒေသခံကပြောပါတယ်။ လက်ရှိမှာ မြစ်ကြီးနား – မန္တလေး – ရန်ကုန် လေကြောင်းခရီးစဥ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း ၊ မင်္ဂလာလေကြောင်းလိုင်း ၊ မန်းရတနာပုံလေကြောင်းလိုင်း တို့က လေယာဥ်ပြေးဆွဲပေးနေတာဖြစ်တယ်လို့သိရပါတယ်။
မြစ်ကြီး – မန္တလေး ကားလမ်းပိုင်းတလျှောက်မှာ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းမှာ ကားတွေ လနဲ့ချီပိတ်မိမှုတွေ ဖြစ်ပွားပြီး အရေးကြီးကိစ္စသွားလာဖို့လိုအပ်သူတွေဟာ လေကြောင်းခရီးစဥ်ကို သာအသုံးပြုနေကြရတာဖြစ်တယ်လို့သိရပါတယ်။