ဗန်းမောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၅ရက်နေ့ကစလို့ တိုက်ခိုက်ခဲ့ရာမှာ စက်တင်ဘာလ ၁၈ရက်နေ့မှာတော့ မြို့အနီးဝန်းကျင်က ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အဝင်ရပ်ကွက်တွေအထိ ထိုးဖာက်လာနိုင်ပြီလို့ သိရပါတယ်။
စစ်ကောင်စီဟာ ဒေသခံရှမ်းနီလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ SNAနဲ့ ပူးပေါင်းပြီး ဗန်းမောက်မြို့ကို ခုခံနေပေမယ့် မြို့အနီးဝန်းကျင်မှာ ချထားတဲ့ ကာကင်းစခန်းတွေရဲ့ ၉၀%ကျော်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့တော့ ပစ်ခတ်သံတွေက မြို့အနားထိရောက်လာနေတယ်။ စစ်ကောင်စီက မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး ပြည်သူတွေကို အပြင်ပေးမထွက်တော့ပါဘူး။ မြို့ထဲမှာလည်း ဆက်သွယ်ရေးတွေအကုန်ပြတ်တောက်နေပါတယ်။ စတားလင့်တစ်မျိုးပဲ သုံးရပါတယ်”
ဟု ဗန်းမောက်မြို့ခံတစ်ဦးက BBMကို ပြောပါတယ်။ စစ်ကောင်စီဟာ ဗန်းမောက်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာအတော်များများမှာ ကာကင်းစခန်းတွေကို ချထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိုးစစ်စတဲ့ နေ့မှာပဲ အဆိုပါစခန်းတွေထဲက စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေတွေနဲ့ ပက်သက်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “မြို့ကို အဓိကဦးတည်ပြီး သိမ်းနိုင်ဖို့လုပ်နေပါတယ်။ မျှော်မှန်းထားတာထက်ပိုတဲ့ ရလဒ်ကောင်းတွေရထားပါတယ်”ဟု ရှေ့တန်းမှ ရဲဘော်တစ်ဦးကBBMကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ဗန်းမောက်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်သူထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
လက်ရှိအချိန်အထိတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ရှမ်းနီလက်နက်ကိုင်(SNA)တွေ သေဆုံးမှုများပြားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှာလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။
ဗန်းမောက်မြို့ကို ကသာခရိုင်ကွပ်ကဲရေးအဖွဲ့ကဦးဆောင်ပြီးတော့ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဗန်းမောက်မြို့အနီးက ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေကိုလည်း တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားပြီးဖြစ်ပါတယ်။
ပုံ-ပုံဟောင်း
#BBM#News#UpdateNews#SNA#Junta#PeopleDefenseForce#ဗန်းမောက်