Sunday, December 21, 2025
Home » သံဖြူဇရပ်မှာ စစ်ကောင်စီ စခန်းနေရာ ၂ ခု တရက်တည်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

သံဖြူဇရပ်မှာ စစ်ကောင်စီ စခန်းနေရာ ၂ ခု တရက်တည်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

0 16
16

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ တစ်ရက်တည်းမှ စစ်ကောင်စီ တပ်စခန်းနေရာ ၂ ခုကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်‌ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က BBM ကိုပြောပါတယ်။

စက်တင်ဘာလ ၁၈ ရက်၊ မနက် ၁၀ နာရီခန့်က သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာအနီးမှာ အင်အား ၁၅ ဦးခန့် တပ်စွဲထားတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အလားတူပဲ မွန်းလွဲ ၁ နာရီခန့်မှာ ထင်းရှုးကျေးရွာ ရဲစခန်းအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲ နှစ်ခုဖော်ဆောင်ခဲ့တာပေါ့နော်၊ စစ်အုပ်စုရဲ့ ကင်းပုန်းဝပ်တဲ့နေရာကို တိုက်တာ၊ သူတို့ဘက်က အကျအဆုံး ရှိတယ်၊ ကျွန်မတို့ဘက်က ထိခိုက်မှု မရှိခဲ့ပါဘူး”

လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ‌BBM ကို ပြောပါတယ်။ အနင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာကို မျက်မြင် အတည်ပြုနိုင်ခဲ့ပေမယ့် ထင်းရှုးကျေးရွာရဲစခန်းတိုက်ခိုက်မှုမှာ ထိခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာမျိုး ရှိခဲ့သလို သံဖြူဇရပ်မြို့နယ်ဘက်ကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနက်ကတော့ လက်နက်ကြီးအသံတော့ ကြားရတယ်၊ ပြီးတော့ စစ်သားတွေ အဲဒီဘက် ထွက်သွားတာတော့ ရှိတယ်၊ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်၊ အခုထိတော့ ဘာတိုက်ပွဲအသံမှထပ်မကြားမိသေးဘူး”

လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်တပ်တွေဖြစ်ကြတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့နယ်က နေရာနှစ်ခုကို မွန်၊ ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးအပါအဝင် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ မွန်ပြည်နယ်တောင်ပိုင်း အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – MSRF

#BBM#News#MSRF#Junta#UpdateNews#PeopleDefenseForce

Leave a Comment

Latest Post

Latest Post