ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ်ရှိ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၆ ) အနီးရှိ ကာကင်းစခန်းတွေမှာ အာရက္ခတပ်တော် AA၊ ပူးပေါင်းမဟာမိတ်တပ် PDF တို့နဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ကားတွေနဲ့ ပို့ဆောင်နေရတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA၊ ပူးပေါင်းမဟာမိတ် PDF တို့နဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့က ကပစ – ၆ စက်ရုံနဲ့ ၁၀ မိုင်ခန့်လောက်သာဝေးကွာတဲ့ ဆင်လန်းကျေးရွာအနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ရိက္ခာတင်ယာဥ် စစ်ကား ၃ စီးနဲ့ ဥသျှစ်ပင်မြို့နယ်ရှိတပ်ရင်းတွေကို ပို့ဆောင်နေရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဆင်လန်းကျေးရွာက ကာကင်းစခန်းတွေကို ကပစ ၆ ကနေ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
“တိုက်ပွဲအခြေအနေကတော့ ကပစ ၆ ကနေ ဆင်လန်းဖက်ကို အင်အားဆက်တိုက်ဖြည့်တင်းနေတာ ရှိပါတယ်။ ထိတွေ့တိုက်ပွဲတွေကလည်း ပြင်းထန်နေတဲ့အနေမျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆၊ ၁၇ လောက်က ဆင်လန်းဖက်ကနေ လူနာတင်ကားနဲ့ ပြန်လာချရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ သေပြီးသား လူနာတွေမဟုတ်ဘဲနဲ့ အရေးကြီးတဲ့လူနာတွေကို ပြန်လာချရတဲ့ အနေအထားပါ။ လူနာတင်ကား ၃စီးနဲ့ ချလာရတာပါ ”
လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကပစ ၅ နဲ့ ၆ တွေက အင်အားအများအပြားပါ စစ်ကြောင်း ၂ ကြောင်းနဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့ကနေပြီး စစ်ကြောင်း ၁ ကြောင်းဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဆင်လန်းကျေးရွာဖက်ကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းက ပဲခူးတိုင်းဒေသကို အခုနှစ် ဇန်နဝါရီလအတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တောင်ကုတ် – ပန်းတောင်းလမ်းပိုင်းရှိ ရခိုင်ရိုးမပေါ်က ညောင်ကျိုးကာကင်းစခန်းနဲ့ ကျေးရွာအနီးက ကာကင်းစခန်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တပ်တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကာကင်းစခန်းကနေ ကပစ ၆ စက်ရုံအနီးအနားကို ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး လက်ရှိမှာ ၁၀ မိုင်ခန့် အကွာအဝေးကို ရောက်ရှိနေပြီး ဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က BBM ကို ပြောပါတယ်။
“ကပစ ၅နဲ့ ၆ တွေက စစ်ကောင်စီတပ်ဟာ လူတွေ၊ လားတွေနဲ့ စစ်ကြောင်း ၂ ကြောင်းတက်ပါတယ်။ ပြီးတော့ မင်းတုန်းဖက်ကလည်း စစ်ကြောင်းတစ်ကြောင်း ဝင်လာတယ်လို့ သိရပါတယ်။ ပြီးရင် AA နဲ့ PDF တပ်တို့က ညောင်ကျိုးဖက်ကနေ ဆင်းလာတဲ့အဖွဲ့က ကပစ ၆ အနီး ၁၀ မိုင်ဝန်းကျင်ကို ရောက်နေတာကိုလည်း တွေ့ရပါတယ်။ နောက်ထပ် ၂ မိုင်လောက်သာ ရှေ့ဆက်တိုးမယ်ဆိုရင် ကပစ ၆ ကို လက်နက်ကြီးတွေနဲ့ အဝေးကနေ စိတ်ကြိုက်ပစ်ခတ်လို့ ရမဲ့အနေအထားမျိုး ဖြစ်ပါတယ်”
လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ဆင်လန်းကျေးရွာက ကာကင်းစခန်းတစ်ချို့ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်မှာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် နောက်ထပ်ကျန်ရှိနေတဲ့ ကာကင်းစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကာ လက်ရှိမှာ ကပစ ၆ စက်ရုံကိုလည်း ဦးတည်ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်းမှာ ကပစ စက်ရုံ ၇ ရုံ ရှိနေတာဖြစ်ပြီး ပြည်မြို့နယ်မှာ ကစပ ၃၊ ၇၊ ၁၉ စက်ရုံနဲ့ ဥသျှစ်ပင်မြို့နယ်မှာ ကပစ ၅၊ ၆၊ ၉၊ ၁၆ စက်ရုံတို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ AA နဲ့ PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကပစ – ၆ စက်ရုံဟာ စစ်ကောင်စီရဲ့စစ်လက်နက် ပစ္စည်းတွေအတွက် အဓိက ကုန်ကြမ်းထုတ်ပေးနေတာဖြစ်ပြီး တခြားသော ကပစ စက်ရုံတွေ အကုန်လုံးနဲ့လည်း ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။
ပုံ-Social Media
#BBM#Rakhine#News#Updatenews#Rakhine#AA#Junta