Monday, December 22, 2025
Home » ARSA ၊ RSO မူဆလင်အစွန်းရောက်အဖွဲ့တွေက AA နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ပုံစံမျိုးနဲ့ တိုက်ပွဲအတုတွေ ဖန်တီးနေတယ်လို့ AA ပြောကြား

ARSA ၊ RSO မူဆလင်အစွန်းရောက်အဖွဲ့တွေက AA နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ပုံစံမျိုးနဲ့ တိုက်ပွဲအတုတွေ ဖန်တီးနေတယ်လို့ AA ပြောကြား

0 17
17

ရခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ လှုပ်ရှားနေကြတဲ့ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေတဲ့ပုံစံမျိုးနဲ့ တိုက်ပွဲအတုတွေ ဖန်တီးနေကာ သူတို့ကို ပိုမိုထောက်ခံလာစေဖို့အတွက် ဝါဒဖြန့်လှုံဆော်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ အာရက္ခတပ် တော် AA က မနေ့က စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဖြစ်ကြတဲ့ ARSA ၊ RSO စစ်သွေးကြွ မူဆလင်လက်နက်ကိုင်တပ် ဖွဲ့ဝင်တွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အခြေကုပ်ရယူပြီးတော့ နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းတွေက တစ်ဆင့် ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းကို ဝင်ရောက်လှုပ်ရှားမှုတွေ ပြုလုပ် လာနေတာလည်း ဖြစ်ပါတယ်။

အခုလို မောင်တောခရိုင်အတွင်းကို နယ်စပ်ကတစ်ဆင့် ခိုးဝင်ရောက်ရှိလာကြတဲ့ မွတ်ဆလင်အစွန်း ရောက်အဖွဲ့တွေဟာ လူသူကင်းဝေးတဲ့ တောတောင်တွေ၊ လူပြတ်လပ်နေတဲ့ နေရာတွေကို ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာနေကြတဲ ဒေသခံပြည်သူတွေအထဲက မူဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေကို အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက် လုပ်ဆောင်လာနေတယ်လို့ အာရက္ခတပ်တော် AA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းလောက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာက ကုန်သည် ၅ ဦးမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က အင်းချောင်းကျေးရွာကို သွားရာလမ်းပိုင်းတစ်နေရာမှာ ပျောက်ဆုံးသွားခဲ့ပြီး မိသားစုဝင်တွေနဲ့ ရက်အတော်ကြာ အဆက်အသွယ်မရဘူး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တမန်းသားကျေးရွာက ဈေးကုန်သည်တွေ ဖြစ်ကြတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်းပေါင်း ၅ ဦးတို့မှာ ဘင်္ဂလား ဒေ့ရှ်နယ်စပ်က အင်းချောင်းကျေးရွာကို သွားစဉ်လမ်းခုလတ် တစ်နေရာမှာ ARSA အဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

လက်ရှိ မောင်တောမြောက်ပိုင်းက နယ်စပ်တစ်လျှောက်မှာ မူဆလင်လက်ကိုင်အဖွဲ့တွေဟာ လှုပ်ရှားမှု တွေပိုများလာပြီး တိုက်ပွဲတွေမှာလည်း အရင်ကထက် ဖြစ်ပွားမှုတွေရှိနေတာကြောင့် ဒေသခံကုန်သည်တွေမှာလည်း သတ်ဖြတ်ခံရမှုတွေ မကြာခဏဆိုသလို ရှိနေတယ်လို့ ဘင်္ဂလာဒေ့ရှ်နယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ ရခိုင်စီးပွားရေးသမားတစ်ဦးက ပြောပါတယ်။

မောင်တောမြောက်ပိုင်းမှာတော့ အခုတလော မူဆလင်လက်နက်ကိုင် အဖွဲ့အစည်းတွေက လှုပ်ရှားမှု တွေ ပိုများလာတာကို တွေ့ရတယ်။ တိုက်ပွဲတွေမှာလည်း အရင်ကထက်စာရင် ပိုအဖြစ်များလာတာကို တွေ့ရပါတယ်။ ကုန်သွယ်စီးဆင်းမှုတွေကလည်း မရှိသလောက်ဖြစ်သွားပါတယ်။ ဘာဖြစ်လိုလည်း ဆိုတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေသေဆုံးကြရတယ်။ အသက်တွေ ပေးဆပ်နေရပါတယ် လို့ အဆိုပါ ရခိုင်စီးပွားရေးသမားက ပြောပါတယ်။

မူဆလင်အစွန်းရောက်အဖွဲ့တွေဟာ မူဆလင်မဟုတ်တဲ့ အာရက္ခဒေသခံပြည်သူတွေကို ဖမ်းဆီးသတ် ဖြတ်ပြီးနောက် အာရက္ခတပ်တော် AA ယူနီဖောင်းကို လဲလှယ်ကာ တိုက်ပွဲအတွင်းမှာ AA ရဲ့ တပ်ဖွဲ့ဝင် တွေကို ဖမ်းဆီးရမိတဲ့ပုံစံမျိုးနဲ့ လုပ်ကြံဖန်တီးနေပြီး ဆိုရှယ်မီဒီယာ စာမျက်နှာထက်တွေမှာ ပုံမှားရိုက် လှည့်စားပြီးတော့ သူတို့အဖွဲ့အပေါ် ထောက်ခံအားပေးနေတဲ့ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေထံ က အားပေးမှု၊ ထောက်ခံမှုတွေ ပိုမိုရရှိဖို့အတွက် ကြိုးစားလျက်ရှိနေတာကို တွေ့ရတယ်လို့ လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွတ်ဆလင်လက်နက်ကိုင် ARSA ၊ RSO တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေဟာ ရခိုင်ပြည် – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ ရခိုင်မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရ သတိထားရမဲ့ အချိန်ကာလ တစ်ခုဖြစ်တယ် လို့လည်း AA က ဆိုထားပါတယ်။

ဒါကြောင့် ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသအတွင်းမှာ နေထိုင်ကြတဲ့ အာရက္ခမိဘပြည်သူတွေ အနေနဲ့လည်း တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကို သွားလာကြတဲ့အချိန်မှာ တစ်ဦးတည်း (သို့) လူအနည်းစုနဲ့ သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့နဲ့ ကျန်းမာရေးကိစ္စ၊ မသွားမဖြစ်သွားလာ ရမဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေရှိပါက အာရက္ခပြည်သူတော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေကို သတင်းပို့ပြီးမှ သွားလာကြဖို့ လုံခြုံရေးသတိ ပေးအပ်တယ်လို့လည်း AA က ပြောဆိုထားပါတယ်။

မောင်တောနယ်စပ်တစ်လျှောက်မှာ စိမ့်ဝင်ကာ ရခိုင်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက် ARSA ၊ RSO တပ်ဖွဲ့တွေရဲ့ ရခိုင်ပြည်အတွင်းမှာ ဥပဒေချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်သောင်းကျန်းလှုပ်ရှားမှုတွေကို ကာကွယ်တိုက်ဖျက်နိုင်ဖို့အတွက် ULA ၊ AA အနေနဲ့လည်း အာရက္ခပြည်ရဲ့လုံခြုံရေးကို အထူးတိုးမြင့်ကာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံ-ARSAတပ်ဖွဲ့၀င်များ(ပုံဟောင်း)

#BBM#News#UpdateNews#Rakhine#AA#ArakanArmy#ARSA#RSO

Leave a Comment

Latest Post

Latest Post