ဧရာဝတီတိုင်း၊ ဂွ – ငသိုင်းချောင်း ကားလမ်းပိုင်းရှိမြောက်စမ်းကျေးရွာမှာ တည်ရှိတဲ့ အမြောက်တပ် အမတ (၃၄၄) တပ်ရင်းကနေ လက်နက်ကြီးတွေ အနီးအနားရှိကျေးရွာတွေနဲ့ တောတောင်တွေကို နေ့စဥ်ရက်ဆက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အမြောက်တပ် အမတ (၃၄၄) တပ်ရင်းကနေ အခုလအတွင်းမှာ ငသိုင်းချောင်းမြို့နယ်က ကျေးရွာတွေနဲ့ လေးမျက်နှာ မြို့နယ်အတွင်းက ကျေးရွာအနီးအနားတွေကို လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF အဖွဲ့တွေကလည်း စစ်ကောင်စီတပ်ရဲ့ အမြောက်တပ် အမတ (၃၄၄) တပ်ရင်းကို ဝိုင်းရံပိတ်ဆို့ထားတာကြောင့် အဆိုပါတပ်ဖွဲ့တွေ ရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း ငသိုင်းချောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းမှာ အမတ ၃၄၄ အမြောက်တပ်ကတော့ လက်နက်ကြီးတွေ အဆက်မပြတ် လှမ်းထုနေပါတယ်။ မြို့အနီးအနားက ကျေးရွာတွေကိုကျရောက်ပေါက်ကွဲတာရှိပါတယ်။ သူတို့ကတော့ ခြိမ်းခြောက်ပစ်ခတ်နေတာပါ။ နောက်တော်လှန်ရေး တပ်ဖွဲ့တွေရှိတဲ့ နေရာတွေကိုလည်း လှမ်းပစ်ခတ်တာရှိတယ်လို့ ကြားရပါတယ်။ သူတို့ကတော့ ပတ်ပတ်လည်လည်ကို ပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်”
လို့ အဆိုပါ ငသိုင်းချောင်းဒေသခံက ဆက် ပြောပါတယ်။ အဆိုပါအမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အဲဒီအနီးအနားက ကျေးရွာတွေဖြစ်ကြတဲ့ ညောင်ပင်သာရွာ ၊ ရေစမ်းရွာ ၊ ကျောင်းကုန်းစမ်းရွာ ၊ တောင်စမ်းရွာ မြောက်စမ်းရွာ ၊ မျှော့တူရွာ ၊ ကျောက်ခဲချောင်းရွာ ၊ ဂွေးတောက်ကွက်သစ်ရွာ ၊ သီတာကုန်းပြင်ရွာနဲ့ ဆင်သေရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
အလားတူ ပုသိမ် – မုံရွာလမ်းပိုင်းမှာတည်ရှိတဲ့ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ်က ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုတွေ ပြုလုပ်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ပန်းတောကြီး၊ မကျည်းကုန်း၊ ကျောက်စရစ်ကုန်း၊ မကျည်းပင်ကွင်း စတဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လလောက်က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါနေရာတွေကို စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
“လေးမျက်နှာနဲ့ ရေကြည်အစပ်က ကျေးရွာတွေကိုစကစက စစ်ကြောင်းထိုးမှုတွေရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့လည်း သိရပါတယ်။ အမြောက်တပ်ကလည်း အဲဒီဖက်တွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာတွေရှိပါတယ် ”
လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း အမြောက်တပ် အမတ ၃၄၄ တပ်ရင်းကို စစ်ကား ၃ စီးနဲ့ နှစ်ကြိမ် ရေကြည်မြို့ကနေ စားနပ်ရိက္ခာနဲ့ စစ်အင်အားတွေ ဖြည့်တင်းမှုတွေရှိ နေတယ်လို့လည်း သိရပါတယ်။
ငါးသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်ခန့်ကွာဝေးတဲ့ အမတ (၃၄၄) အမြောက်တပ်ရင်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ် PDF တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ အဆိုပါအမြောက်တပ် နေရာတဝိုက်ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
အမတ ၃၄၄ အမြောက်တပ်ရင်းအနီးက ငါးသိုင်းချောင်းမြို့နယ်ရှိ ပုသိမ် – မုံရွာ လမ်းမကြီးနဲ့ ဂွ – ငါးသိုင်းချောင်း လမ်းဆုံမှာရှိတဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်ကိုလည်း စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြင်ဆင်ထားပြီး အဲဒီဂိတ်ကနေတစ်ဆင့် လေမျက်နှာ မြို့နယ်ဖက်ကိုလည်း စစ်ကြောင်းထိုးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်ရိုးမတစ်လျှောက် ဧရာဝတီတိုင်းကရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူနဲ့ မြန်အောင်မြို့နယ်တွေ အထိ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
#BBM#News#UpdateNews#AA#Rakhine#ArakanArmy#Junta#PeopleDefenseForce