တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ လောင်းလုံးမြို့ကို လာတဲ့ စစ်ကာင်စီ စစ်ကြောင်းကို ကြားဖြတ် ၂ကြိမ်တိုက်ခိုက်ရာ စကစ တပ်သား ၄ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက BBM ကိုပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့၊ မနက် ၃ နာရီ ခွဲ၀န်းကျင်က ထား၀ယ်မြို့ကနေ လောင်းလုံးမြို့နယ် အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်ရာ ရာဟောင်း၀ရွာ အနီး မိန်းလမ်းမအတိုင်း ဆင်းလာတဲ့ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
“တိုက်ပွဲဖြစ်တာကတော့ မအလ ထားဝယ်ကိုလာတဲ့ အချိန်မှာ လုံခြုံရေးအတွက် ရောက်လာတာ အဲ့ကောင်တွေက ကျွန်တော်တို့ အဲ့လိုယူဆတာပေါ့နော်။ ထား၀ယ်ကနေပြီးတော့ လောင်းလုံးကြားပေါ့။ အဲ့ထား၀ယ်ဘက်ကနေ ဆင်းလာတာနဲ့ ကျွန်တော်တို့ ရဲဘော်တွေက ပိတ်ဆို့တဲ့အခါမှာ ထိပ်တိုက်တွေ့ပြီးတော့ ပွဲဖြစ်တယ်ဗျ”
လို့ ရဲဘော်ရှဲဒိုးက BBM ကိုပြောပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့ ဒုတိယ စစ်ကြောင်းက တောလမ်းအတိုင်း စစ်ကူပေးဖို့ ထွက်လာရာ တော်လှန်ရေး တပ်ဖွဲ့တွေက ပဒေသာရှေ့ထွက်မိုင်း ၃ လုံးတွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။
“ထား၀ယ်ကနေ ထွက်လာတာ။ အခုက ပစတွေများတယ်။ အင်အား၁၀၀ကျော်လောက်ပါတယ်။ အဲ့ဒါကျွန်တော်တို့နဲ့ လမ်းမပေါ်မှာ ဖြစ်တာ။ အဓိကကတော့ ကျည်ထွက်တဲ့နေရာကို ဒုတိယစစ်ကြောင်းအနေနဲ့ ခွဲထုတ်ပြီးတော့ တောလမ်းကနေ ပတ်ပြီးတော့လိုက်လာတာ။ တောလမ်းကနေ ထွက်လာတဲ့အခါမှာ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဗျ။ သေဆုံးမှုများနိုင်တယ်။ အတိအကျတော့ မသိရသေးဘူးဗျ”
လို့ ရဲဘော်ရှဲဒိုးက BBMကိုပြောပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုကို လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း-၃ KBDF ၊ ဒေါနတပ်ခွဲ-၇ LPF၊ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နဲ့ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံ-လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#BBM#News#UpdateNews#လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့