Monday, December 22, 2025
Home » ဖရူဆို – ဘောလခဲလမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ဖရူဆို – ဘောလခဲလမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

0 13
13

ကရင်နီပြည်နယ်၊ ဖရူဆို – ဘောလခဲလမ်းပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားခွင့် မပြုလုပ်ကြဖို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ်၊ ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ကာ ဒီမော့ဆိုမြို့ကနေ ဖရူဆိုမြို့လမ်းမ ကြီးတစ်လျှောက် စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေရှိလာနေတာကြောင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ယနေ့အချိန်ထိ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းတစ်ချို့ဟာ အခုစက်တင်ဘာ လဆန်းပိုင်းအတွင်းက ဖရူဆိုမြို့ကို ဝင်ရောက်နိုင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် ရိက္ခာ၊ ခဲယမ်း၊ လူအင်အားတွေကို ထပ်မံဖြည့်တင်းကာ ဘောလခဲလမ်းမကြီးဖက်ကို ဦးတည်ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာနေတယ်လို့လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာအယ်စိုး က BBM ကို ပြောပါတယ်။

“အဓိကတော့ ဖရူဆို – ဘောလခဲလမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပါတယ်။ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကနေပြီးတော့မှ စစ်ကြောင်းတွေ ထွက်လာတာမျိုးတွေ ရှိတဲ့အတွက်အဲဒီလမ်းပိုင်းကို လုံခြုံရေးအရ ပြည်သူတွေက သွားလာဖို့မသင့်တော့တာကြောင့် ပိတ်ပင်လိုက်ရတာ ဖြစ်ပါတယ်”

လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာအယ်စိုးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီမော့ဆိုမြို့နဲ့ ဖရူဆိုမြို့လမ်းမကြီးတစ်လျှောက်မှာလည်း စစ်အင်အား ၁၀၀၀ ကျော်ဖြည့်တင်းထားတာဖြစ်ပြီး ဒီမော့ဆိုမြို့နယ်အတွင်းမှာလည်း လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ကနေ ဖရူဆိုမြို့နယ်ကို စစ်ကားတွေ၊ ပြည်သူသုံးကားတွေအပါအဝင် ဆွဲဘီးကား အစီးအရေ အတွက် ၅၀ ကနေ ၁၀၀ ဝန်းကျင်အကြားဖြည့်တင်းထားပြီး လူအင်အားတွေနဲ့ စစ်လက်နက် ရိက္ခာတွေကိုလည်း သယ်ဆောင်သွားကြတယ်လို့လည်း သိရပါတယ်။

“လွိုင်ကော်ကနေပြီးတော့မှ သူတို့အတင်းအဓ္ဓမ လူသစ်စုဆောင်းထားတဲ့ တပ်သားသစ်တွေကို သူတို့တပ်ရင်းတွေဆီကို ပို့ဆောင်ပါတယ်။ ခမရ ၄၂၈ ၊ ခမရ ၅၃၁ တို့ကို ပို့ဆောင်တာ ဖြစ်ပါတယ်။ ဖားဆောင်းတို့ဖက်က တပ်ရင်းတွေမှာတောင် လူသစ်တွေပါလာတာကို တွေ့ရပါတယ်”

လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာအယ်စိုးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း ဘောလခဲဖက်ကနေ ဖားဆောင်းမြို့နယ်ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုတွေ၊ အင်အားဖြည့်တင်းမှုတွေကို အဆက်မပြတ်ပြုလုပ်လာနေ တာကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ကာ လွိုင်ကော် – ဒီမော့ဆို၊ ဒီမော့ဆို – ဖရူဆို၊ ဖရူဆို – ဘောလခဲ လမ်းမကြီးနဲ့ ဖရူဆို – ထားလဲ ၊ ထားလဲ – နန်းဖဲလမ်းမကြီးတွေကို ဖြတ်သန်းသွားလာခွင့် မပြုကြဖို့နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF က ပြောဆိုထားပါတယ်။

Photo-ပုံဟောင်း

Add Post

Leave a Comment

Latest Post

Latest Post