မြဝတီပြည်သူ့ဆေးရုံမှာ စကစ ထိခိုက်လူနာတွေကို ပို့ဆောင်ကုသနေ
ကရင်ပြည်နယ် လေးကေ့ကော်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ စစ်မှုထမ်းသင်တန်းဆင်း ပစ တွေကို ရှေ့တန်းမှအသေခံတက်ခိုင်းနေတာကြောင့် ထိခိုက်သေဆုံးမှုများနေတယ်လို့သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အာရှလမ်းမမှတဆင့် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားရာ သင်္ကန်းညီနောင်မြို့ကို ရရှိပြီးတဲ့နောက် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်မြို့ကို ဆက်လက်ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။
ဒီလိုထိုးစစ်ဆင်ရာမှာ မြဝတီမြို့အခြေစိုက် ခလရ(၂၇၅)မှတဆင့် မေတ္တာလင်းမြိုင်ဒေသကို တပ်အင်အားတွေပို့ဆောင်ကာ ထိုမှတဆင့် လေးကေ့ကော် ကိုမြေပြင်စစ်ကြောင်း၊ လက်နက်ကြီး၊ဒရုန်းသာမက လေကြောင်းပါအသုံးပြုပြီး ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများတယ်လို့ မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
“တက်လာသမျှပစ်ချနေတာ အတန်းလိုက်ကြီးတွေ တိုက်ပွဲဖြစ်နေတာဆိုတော့ နယ်မြေရှင်းလင်းတာဘာညာ လုပ်မရသေးတော့ DeadBody ဘာညာတော့ တွေ့ရမှာမဟုတ်ဖူး၊ DB ဆိုလဲ အခုလောက်ဆို သူတို့ပြန်ဆွဲသွားလောက်ပြီပေါ့”
ဒါ့အပြင် မြေပြင်စစ်ကြောင်းတွေအတွင်း စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း ပစ တွေကို မူးယစ်ဆေးကျွေးကာ ရှေ့ဆုံးမှအတင်းတက်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
အဆိုပါစစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် လေးကေ့ကော်တိုက်ပွဲထိခိုက်သေဆုံးမှုတွေအတွင်း ပစ တွေအများဆုံးပါဝင်တယ်လို့လည်း နောက်ထပ် မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
“စကစ စစ်ကြောင်း ပဲ သူ့ ဘာသူ ဘာမှုပဲ ထမ်းထမ်း၊ လွတ်အောင် မရုန်းရင် ထပ်သေကြအုံးမှာပဲ၊ အခုလည်း အတော်လေးသေကြတယ်၊ အပုံလိုက်ကြီး၊ 50အနည်းဆုံးပဲ၊ စကစ က ဆေးသုံးပြီးတိုက်ခိုင်းနေတာ အစကတည်းကပဲ၊ အောင်ဇေယျက ကောင်တွေလည်း ထိုနည်း၎င်းပဲ၊ ဆေးမသုံးရင် ဘယ်ကောင်မှ ရှေ့မတက်ရဲကြဘူး၊မအလ တွေက”
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွါးရာလေးကေ့ကော်မြို့ကို ခလရ(၂၇၅)၊ မြဝတီမြို့တွင်းရှိ ရွှေဟင်္သာကုန်း၊ ငွေဟင်္သာကုန်း၊လက်ခတ်တောင်နဲ့ မြို့တွင်းBGFတပ်စခန်းတို့မှ လက်နက်ကြီးပစ်ကူတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့လည်း ဒေသခံအချို့ထံမှသိရပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူစစ်ကောင်စီတပ်သားများကို မြဝတီမြို့ ပြည်သူ့ဆေးရုံထံ ညဘက်ကားနဲ့လာရောက်ပို့ဆောင်ပြီး ကုသစေတာတွေ ပြုလုပ်နေတယ်လို့လည်း မြဝတီပြည်သူ့ဆေးရုံကြီးအနားနေ ပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။
“ညဘက် ကာတွေနဲ့လာပို့နေတာတွေရှိတယ်၊ ပြည်သူ့ဆေးရုံက နဂိုကတည်းက လူသိပ်မရှိတော့၊ သူတို့လူတွေပဲရှိတယ်၊ အတိုအပြတ်တွေလည်း များတယ်လို့ကြားထားတယ်”
စစ်ကောင်စီအနေနဲ့ မြဝတီမြို့နဲ့ လေးကေ့ကော်မြို့သစ်တို့ကို တပ်မ(၂၂)၊ တပ်မ(၅၅)အဓိကပါဝင်တဲ့ စစ်ကြောင်းတွေဖြင့် စစ်ကြောင်းထိုးချီတက်တာတွေပြုလုပ်နေပြီး အဆိုပါစစ်ကြောင်းအတွင်းအများစုမှာ စစ်မှုထမ်းဆင်းသင်တန်းသားတွေဖြစ်တယ်လို့လည်း သိရပါတယ်။
Photo-ပုံဟောင်း