သူဌေး၊ ခရီးသွားနဲ့ သူတောင်းစားပုံစံမျိုးတွေပါ အသွင်ယူပြီး သတင်းရယူခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ သီပေါမြို့နယ်တို့မှာ စစ်ကောင်စီက စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နဲ့ သတင်းပေး(Informer) ၁၀ ယောက်ကျော်ကို ဖမ်းဆီးရရှိခဲ့ပြီး သူတောင်းစား၊ သူဌေး၊ ခရီးသွား အပါအ၀င် ပုံစံမျိုးစုံ အသွင်ယူပြီး သတင်းရယူခဲ့ကြတယ်လို့ PSLF/TNLA က စက်တင်ဘာလ ၂၅ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့ကို လားရှိုးမြို့ စစ်ကောင်စီတပ်ကနေ စစ်ကောင်စီတပ်ကနေ TNLA အုပ်ချုပ်တဲ့ မြို့နယ်များအတွင်းရှိ TNLA ရဲ့ ဂိတ်နေရာတွေ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားတွေ၊ ဌာနဆိုင်ရာအင်အားတွေ၊ တပ်စခန်းနေရာတွေ၊ လူစုလူဝေးများတဲ့နေရာတွေမှာ သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်ကာ နောက်ဆက်တွဲအနေနဲ့ ထိရောက်မှုရှိ၊ မရှိကို စုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့သိရပါတယ်။
“လက်ရှိကြုံနေရတဲ့ဟာတွေကလည်း အရင်ကြုံခဲ့ဖူးတာလိုမျိုးပါပဲပေါ့နော။ ပုံစံမျိုးစုံနဲ့ ၀င်ရောက်လှုပ်ရှားကြတာပေါ့။ ဘတ်စ်ကားလိုင်းတွေမှာလည်း ကားသများပုံစံမျိုးနဲ့ သွားလာမျိုးတွေ ၊ ဈေးသည်ပုံစံအယောင်ဆောင်တာမျိုးတွေ၊ ပုံစံမျိုးစုံနဲ့ သတင်းယူတာမျိုးတွေရှိတယ်။ နောက်တစ်ခုက လေကြောင်းတိုက်ခိုက်မှုပေါ့။ လေကြောင်းက ကြဲတာ အရမ်းကြီးမထိရောက်တဲ့အခါကျတော့ မြေပြင်မှာ In Personပေါ့နော။ လူကိုယ်တိုင် သတင်းအချက်အလက် တိတိကျကျရယူ လုပ်ဆောင်တာမျိုးတွေလည်း ရှိတာပေါ့”
လို့ ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က BBM ကိုပြောပါတယ်။ သတင်းပေးတွေဟာ စစ်ကောင်စီတပ် လွယ်ကူစွာဝင်ရောက်နိုင်မယ့်လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့တာမျိုးတွေရှိတယ်လို့ သိရပါတယ်။
“နောက်တစ်ခုက တိုက်ပွဲနဲ့နီးကပ်လာလေလေ ပိုပြီးတော့ စအဖတွေရဲ့လှုပ်ရှားမှုတွေက စိတ်လာလေလေပဲဗျ။ဘာလို့ဆိုတော့ ရဲဘော်တွေရဲ့ လှုပ်ရှားမှု ပုံစံတွေကအစ ဒီ နေထိုင်သွားလာမှု ပုံစံတွေအဆုံးပေါ့လေ။ တောက်လျှောက်စုံစမ်းထောက်လှမ်းတာပေါ့လေ။ဒီတိုက်ပွဲနဲ့ပိုပြီး နီးကပ်တဲ့ နေရာတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ပုံစံမျိုးတွေပေါ့။ နောက်ကာဗာတစ်ခုအနေနဲ့ဆိုရင် သူတို့က ဒီပြည်သူလူထုပေါ့လေနော။ သူတို့နဲ့နီးစပ်တဲ့ ပြည်သူလူထုတွေကိုလည်း ဖိအားပေးစေခိုင်းတာမျိုးတွေရှိတာပေါ့”
လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ စအဖတွေဟာ မြို့အတွင်းကို လမ်းလျှောက်ပြီးတော့လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ လိုင်းကားဖြင့်သော်လည်းကောင်း၊ အိမ်ကားသော်လည်းကောင်း၊ သူဌေးယောင်ဆောင်သော်လည်းကောင်း၊ သူတောင်းစားယောင်ဆောင်သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်သော်လည်းကောင်း ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ပြီး သတင်းတွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။
စအဖ အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာမှာလည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့နေရာတွေမှာ လူချင်းတွေ့ပြီး တစ်ဦးနဲ့တစ်ဦးသတင်းပေးပြီး စစ်ကောင်စီတပ်ဆီကို အွန်လိုင်းပလက်ဖောင်းတွေ ဖြစ်တဲ့ Viber/ Facebook/ Wechat/ Telegram တွေနဲ့ သတင်းပေးပို့ခဲ့ကြပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့နယ်တို့မှာ စစ်ကောင်စီက စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တွေအပြင် စစ်ကောင်စီတပ်ထံသတင်းပေး(ဒလန်)တွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကောင်စီဟာ တအာင်းပြည်အတွင်းရှိ မြို့နယ်တွေမှာ စစ်ဘက်ရေးရာလုံခြုံရေးများစွာ စေလွှတ်ထားပြီး အဲ့ဒီဖမ်းဆီးရမိသူတွေကိုလည်း လုံခြုံစိတ်ချသည့်နေရာမှာ ကောင်းမွန်စွာထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည် ဥပဒေနှင့်အညီ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။