ဗန်းမော်မှာ စကစ ဆက်သွယ်ရေးလမ်းဖောက်ဖို့ကြိုးစားနေပေမဲ့ ခုထိအောင်မြင်မှုမရဘဲ သေဆုံးမှုများနေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိနာကာ (၃)မိုင်စာသင်ကျောင်းအနီး တိုက်ပွဲမှာတင် စစ်တပ်အလောင်း(၇)လောင်းတွေ့ရှိရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၂၄ရက်နေ့က ဗန်းမော်မြို့ (၃)မိုင်စာသင်ကျောင်းအနီးကို လမ်းဖောက်ရန်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး ၂ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ပထမဦးစွာ ဗန်းမော်မြို့(၃)မိုင်အနီးကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ အခြေပြုရာ (၂)နေရာကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှ မြေပြင်ချေမှုန်းရေးအင်အားတွေဖြင့် အဆိုပါအခြေပြုရာနေရာများကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး စစ်တပ်အလောင်း၇လောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
“လမ်းဖောက်မဲ့အဖွဲ့လားမသိဘူး (၃)မိုင်နားမှာစုနေတာနဲ့ လက်နက်ကြီးနဲ့ အရင်လှမ်းထုလိုက်တာ၊ ထိတာသိတာနဲ့တက်လုံးတာအောင်မြင်တယ် တော်တော်များများက သူတို့ဆွဲသွားတယ်၊လုံးဝဆွဲလို့မရတဲ့ဟာကိုချန်ထားတဲ့သဘောရှိတယ် ကြည့်ရတာ”
ဒါတင်မက အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေတွေ့ရှိတဲ့ စကစအလောင်း(၇) လောင်းထက်ပိုကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးနိုင်ချေရှိပြီး အဆိုပါအလောင်းတွေကို ပြန်ကောက်ယူနိုင်ဖို့အတွက်လည်း စစ်တပ်ဘက်မှ လေကြောင်းနဲ့ဒရုန်းတို့သုံးကာ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
“နေရာက၂ နေရာဟုတ်တယ်၊ သူတို့အလောင်းလိုချင်လို့ထင်တယ် ခုတင် လေယာဉ် လာကြဲ သွားတယ်”
တော်လှန်ရေးအင်အားစုတွေအနေနဲ့ တိုက်ပွဲဖြစ်ပွါးရာ အဆိုပါ(၃)မိုင်ဒေသပတ်ချာလည်ကို လက်ရှိအချိန်မှာတော့ ရှင်းလင်းရေးတွေ စတင်ပြုလုပ်နေပြီလို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့ရှိ သံချပ်ကာတပ်ရင်းမှ ခလရ (၄၇)တပ်၊ ပြီးနောက် ဆေးတပ်၊ထောက်ပို့တပ်တွေအထိ တစ်ကြောလုံး ဆက်သွယ်ရေးလမ်းဖောက်ရန် ဆောင်ရွက်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။
သို့သော်တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့် အဆိုပါဆက်သွယ်ရေးလမ်းဖောက်နေတဲ့ စကစ တွေအနေဖြင့် ရှေ့ဆက်တိုးလို့မရဘဲ ထိခိုက်ကျဆုံးမှုတွေ များနေတယ်လို့လည်း မြေပြင်ရဲဘော်မှဆက်ပြောပါတယ်။
“သူတို့ကသံချပ်ကာတပ်ရင်းကနေ ဟိုး ခလရ၄၇ ဆေးတပ်၊ ထောက်ပို့တပ် အဲ့ဘက်မှာ လမ်းဖောက်ဖို့ကြိုးစားနေတာ ၊ဆက်သွယ်ရေးလမ်း၊ပြီးတော့ ဆက်သွယ်ရေးလမ်းကို ဖောက်တော့ဖောက်နေတယ် ၊ သူတို့က တိုးလို့မရသေးဘူး၊ ငါတို့လည်း ခံပစ်နေတာပဲ”
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ဗန်းမော်မြို့ကို အလုံးစုံ စစ်တပ်ဘက်မှပြန်လည်ထိန်းချုပ်နိုင်ဖို့လို့ပြောဆိုမှုတွေပြုထားပေမဲ့ မြေပြင်မှာနေ့စဥ်တိုက်ပွဲတွေဖြစ်ပွါးလျက်ရှိကာ စစ်ကောင်စီဘက်မှအထိနာလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Photo-ပုံဟောင်း