Sunday, December 21, 2025
Home » ကျောက်မဲမြို့အဝင်(၆)မိုင် ပတ်ချာလည်ရှိ စခန်းသာကျေးရွာကို စကစ ထပ်မံသိမ်းပိုက်

ကျောက်မဲမြို့အဝင်(၆)မိုင် ပတ်ချာလည်ရှိ စခန်းသာကျေးရွာကို စကစ ထပ်မံသိမ်းပိုက်

0 12
12

🟥အဆိုပါကျေးရွာမှတဆင့် မိုင်းလုံ၊မိုင်းငေါ့၊မိုးကုတ်တို့အတွက် ဗျူဟာအရ ရေးပါတဲ့ မိုင်းတင်းရွာကို ခြိမ်းခြောက်မှုတွေပိုမိုပြုလုပ်လာနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အဝင်မှာရှိတဲ့ စခန်းသာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်မဲမြို့ကိုရောက်ဖို့ ၆ မိုင်ပတ်ချာလည်သာ လိုတော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နောင်ချိုမြို့ကိုရရှိပြီးတဲ့နောက် ဂုတ်ထိပ်တံတားရဲ့တစ်ဖက်မှာရှိတဲ့ ကျောက်မဲမြို့နယ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ ပြည်ထောင်စုလမ်းမအတိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခုချိန်မှာတော့ ကျောက်မဲမြို့အဝင် စခန်းသာကျေးရွာအထိရောက်ရှိလာနေတာပဲဖြစ်ပါတယ်။

အဆိုပါစခန်းသာကျေးရွာဟာ ကျောက်မဲမြို့အတွက် ပြည်ထောင်စုလမ်းမပေါ်က TNLA ရဲ့အကြီးဆုံးခံစစ်စခန်းဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီအနေဖြင့် လေကြောင်းဗုံးကြဲမှု အဆမတန်ပြုလုပ်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

စခန်းသာကျေးရွာကိုစစ်တပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သတ်ပြီ စက်တင်ဘာလ၂၆ရက်နေ့က စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်တွေက ဦးစွာတင်ပြီးတဲ့နောက် မြေပြင်ဒေသခံအချို့ကလည်း အဆိုပါသတင်းအမှန်ဖြစ်ကြောင်း BBM ကိုအတည်ပြုပါတယ်။

” စခန်းသာကို စကစ တွေရသွားပါပြီခင်ဗျာ၊ စခန်းသာရသွားရင်ကြားထဲမှာမွေးမြူရေးဇုန်နဲ့ရွာရှိသေးပေမဲ့ ကျောက်မဲနဲ့ကတဆက်တည်းဖြစ်သွားပြီခင်ဗျာ၊ ခုတိုင်းဆို ကျောက်မဲလည်း မကြာလောက်တော့ဘူးခင်ဗျာ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

အဲ့ဒီ စခန်းသာကျေးရွာမှ ကျောက်မဲမြို့ကိုသာမကဘဲ စစ်ကောင်စီရဲ့နောက်ထပ် စစ်ကြောင်းတွေ ထိုးစစ်ဆင်နေတဲ့ မိုင်းတင်း ကျေးရွာဘက်ကိုလည်း ကတ္တရာလမ်းတိုင်တစ်ဖြောင့်တည်း လမ်းပေါက်နေတဲ့ အတွက် မိုင်းတင်းကျေးရွာတိုက်ပွဲဟာ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ၎င်းမှ ဆက်ပြောပါတယ်။

” ခုစကစ သိမ်းသွားတဲ့ စခန်းသာကနေ မိုင်းတင်းထိကိုက ကတ္တရာလမ်းပေါက်ပါတယ်၊ ဒါကြောင့်စကစအတွက်အတော်လေး အသာစီးရသွားတဲ့အခြေအနေဖြစ်သွားတယ်ခင်ဗျာ”

စစ်ကောင်စီအနေနဲ့ ကျောက်မဲမြို့နယ်အတွင်းကို စတင်ထိုးစစ်ဆင်ကတည်းက မြို့နယ်အတွင်းရှိနောင်ပိန်ကျေးရွာ၊ ကျောက်မဲမြို့သွားရာလမ်းတစ်လျှောက်တွေကိုသာမက ကျောက်မဲ၊ မိုင်းလုံး၊မိုင်းငေါ့နဲ့ မိုးကုတ်မြို့နယ်တို့အတွက် အရေးပါတဲ့ မိုင်းတင်းကျေးရွာကိုပါ စစ်ကြောင်းတစ်ကြောင်းသီးသန့်ဖြန့်ခွဲပြီး ထိုးစစ်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ မိုင်းတင်းကျေးရွာဟာ ဗျူဟာအရ အရေးပါတာကြောင့် TNLA တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီစစ်ကြောင်း စတင်ထိုးစစ်ဆင်ကတည်းက အပြင်းအထန်ခုခံတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ခုတိုင်းဆိုင် မိုင်းတင်းလမ်းဆုံအတွက်လည်း အခြေအနေမကောင်းတော့ဘူးခင်ဗျ၊ ပြီးတော့ မိုင်းလုံ၊မိုင်းငေါ့ ၊မိုးကုတ်လမ်းပါ စိတ်ပူစရာပါ၊မိုးကုတ်၊ကျောက်မဲ၊မိုင်းလုံ၊မိုင်းငေါ့ အတွက် အကြီးအကျယ်အကြပ်ရိုက်ပြီခင်ဗျာ”

စစ်ကောင်စီအနေဖြင့် လာမဲ့ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာထားသလို ယခုထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ ကျောက်မဲ၊ မိုးကုတ်ဒေသတွေကိုပါ ရွေးကောက်ပွဲပြုလုပ်မဲ့ မြို့နယ်စာရင်းထဲထည့်သွင်းကြေငြာထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ်ကိုသာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါက မြန်မာပြည်အလယ်ပိုင်းမှတဆင့် တရုတ်ရဲ့ကြားဝင်မှုဖြင့် စစ်ကောင်စီက ပြန်လည်ရရှိထားတဲ့ လားရှိုးမြို့နဲ့ တစ်ဆက် တည်း လမ်းပေါက်ရန် ကြားမှာသီပေါမြို့တစ်မြို့သာ ကျန်တော့တယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post