အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီ ၆ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ သံတွဲမြို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ့ ၈ နာရီခွဲအချိန်မှာ သံတွဲမြို့၊ အမှတ် (၄) ညောင်ပင်ဈေးရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး နှစ်ကြိမ်တိုင်တိုင် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ သံတွဲမြို့၊ အမှတ် (၄) ညောင်ပင်ဈေးရပ်ကွက်မှာ နေထိုင်တဲ့ ဦးညီညီ (၄၄) နှစ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့သူတွေမှာတော့ မောင်သန့်ဇင်ဖြိုး (၆) နှစ်၊ မောင်အောင်သီဟဖြိုး (၁၄) နှစ်၊ ဒေါ်ခင်ခင်ဌေး (၃၇) နှစ်၊ ခေါ်ချိုချိုဝင်း (၅၃) နှစ်နဲ့ ဦးထွန်းနေမင်း (၄၂) နှစ်၊ ဒေါ်မပုလေး (၅၄) နှစ် တို့ ဖြစ်ကြပါတယ်။
လေကြောင်းကနေ သံတွဲမြို့ အမှတ် ၄ ရပ်ကွက်ကို ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို ဗုံးကြဲ ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးသွားပြီးတော့ ကလေးသူငယ် ၂ ဦးအပါ အဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စုစုပေါင်း ၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် လို့ သံတွဲ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အခုလို သံတွဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သံတွဲမြို့၊ အမှတ် (၄) ညောင်ပင်ဈေးရပ်ကွက်က နေအိမ် ၈ လုံး ခန့်မှာလည်း ပျက်စီးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုလည်း အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ သံတွဲမြို့ကို ဗုံးကြဲချတိုက်ခိုက်မှုဟာ သေဆုံးသွားသူ ဦးညီညီ (၄၄)နှစ် တို့ မိသားစုတစ်ခုလုံးကို ကျရောက်ထိမှန်ခဲ့တာဖြစ်ပြီး သားဖြစ်သူ မောင်သန့်ဇင်ဖြိုး (၆) နှစ်၊ မောင်အောင်သီဟဖြိုး (၁၄) နှစ်နဲ့ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဌေး (၃၇) နှစ် တို့ကို ဗုံးစတွေထိမှန်ကာ ဒဏ်ရာရရှိသွားတာလည်း ဖြစ်ပါတယ်။
ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဌေး (၃၇) နှစ်ဟာ အငယ်ဆုံးကိုယ်ဝန်ကို လွယ်ထားရတာဖြစ်ပြီး ဗုံးစတွေဟာလည်း ခန္ဓာကိုယ်အနှံ့ကိုယ် ထိမှန်သွားတာဖြစ်တဲ့အတွက် လူကြီနဲ့ ကလေးရဲ့ အသက်အန္တရာယ်မှာလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
သားကြီးဖြစ်သူ မောင်အောင်သီဟဖြိူး(၁၄) နှစ်မှာ လက်နှစ်ဖက်စလုံး ဒဏ်ရာရရှိခဲ့ပြီး သားငယ်ဖြစ်သူ မောင်သန့်ဇင်ဖြိုး (၆) နှစ်မှာလည်း ခြေထောက်အောက်ပိုင်းတစ်ခုလုံး ထိခိုက်ဒဏ်ရာရရှိသွားတာလည်း ဖြစ်ပါတယ်။
ဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသူ ဦးညီညီ (၄၄) နှစ်တို့ မိသားစုဟာ သံတွဲမြို့နယ်၊ မောင်ရွှေလေးကျေးရွာမှာ နေထိုင်သူတွေဖြစ်ကြပြီး စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောနေဗီတွေက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းအချိန်မှာ တောင်ကုတ်မြို့ရှိ စကခ(၅) အနီးအနားက တပ်ဦးဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်ကပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်တစ်ခုလုံးဟာ လုံးဝပြိုကျပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်က အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုက ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ကြေညာထားပေမဲ့ လက်ကျန် ၄ မြို့နယ်ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
အဆိုပါ လက်ကျန် ၄ မြို့နယ် ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေအထဲက လက်ရှိမှာတော့ တောင်ကုတ်မြို့နဲ့ သံတွဲမြို့နယ်တွေကို စစ်ကောင်စီတပ်က ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညည့် ၁ နာရီ ၅ မိနစ်အချိန်မှာလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင့် ကျောင်းသား၊ သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာက ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှု စတဲ့လုပ်ရပ်တွေကြောင့် ရခိုင်ဒေသခံပြည်သူ ၉၂၆ ယောက် သေဆုံးခဲ့ရပြီး၊ ၁,၉၅၄ ယောက်မှာ ဒဏ်ရာရှိမှုတွေရှိတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။