စကစ စနိုက်ပါသမား (၄)ယောက်တစ်ဖွဲ့ကိုလည်း ဒရုန်းဖြင့် ရှင်းလင်းမှုပြုလုပ်နိုင်ခဲ့
ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရှေ့တန်းရှိအနောက်အထိုင်ရုံးကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က လေးကေ့ကော်ရှိ တော်လှန်ရေးအင်အားစုတွေ အခြေပြုတပ်စွဲထားတဲ့ နေရာတွေကို စစ်ကောင်စီမြေပြင်စစ်ကြောင်းတွေက အတင်းတိုးဝင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဇွတ်တိုးလာတာကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေချိန် စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို အနီးကပ် အမိန့်ပေးစေခိုင်းတာတွေပြုလုပ်နေတဲ့ ရှေ့တန်းနောက်
အထိုင်ရုံးကို တော်လှန်ရေးအင်အားစုတွေက အသေခံဒရုန်းတွေဖြင့် တိုက်ခိုက်ခဲ့တာကြောင့် အမိန့်ပေးစေခိုင်းသူ အရာရှိကြီးအဆင့်အပါအဝင် အများအပြားသေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“၂၄ရက်နေ့က ဒီကောင်တွေဇွတ်တိုးကြတာ ဇွတ်တိုးတော့ သူတို့ရှေ့တန်းနောက်အထိုင်ရုံးကို ကာမီကာဇေဝင်အုန်းတာ၊ အဲ့မှာလည်း တစ်သုတ်တော်တော်ထိသွားတယ် မသေဘူးဆို ၄၊၅ကောင်ပဲ”
ဟု မြေပြင်ရဲဘော်တစ်ဦးမှ BBMကိုပြောပါတယ်။ စက်တင်ဘာလ၂၅ရက်နေ့ နေ့ခင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေထဲမှ စနိုက်ပါသမား(၄)ယောက်ဟာ တော်လှန်ရေးအင်အားစုတွေရှိရာနေရာကို စနိုက်ပါဖြင့်ပစ်ခတ်ပြီးအပြန်မှာ ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရတာကြောင့် နေရာမှာတင် (၄)ယောက်လုံး သေဆုံးသွားခဲ့ပြီး
ရက်ပိုင်းအတွင်းမှာတင် ထိခိုက်သေဆုံးမှုများခဲ့တာကြောင့် စစ်ကြောင်းအချို့တန့်နေတယ်လို့ အဆိုပါရဲဘော်မှဆက်ပြောပါတယ်။
“ထိတယ် စနိုက်ပါသမားတွေကော ကျွန်တော်တို့ဘက်က အဲ့လိုမျိုး ကာမီကာဇေတွေနဲ့ဝင်ကြုံးတာ၊၂၅ရက်နေ့ကလည်း စနိုက်ပါသမားတွေကိုပါ ရလိုက်တာ၊ အထိနာလို့ စစ်ကြောင်းတွေလည်းတန့်ကုန်တယ်”
အထိနာသွားတဲ့ စစ်တပ်အနေဖြင့် စက်တင်ဘာလ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့တို့မှာ မြေပြင်စစ်ကြောင်းတွေထက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေကိုသာ ပိုမိုအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သို့သော် အဲ့ဒီလို လက်နက်ကြီးပစ်ကူနဲ့လေကြောင်းပစ်ကူအမြောက်အများအသုံးပြုကာ စစ်ကြောင်းထိုးတာတွေပြုလုပ်နေပေမဲ့လည်း မြေပြင်မှာတော့ ဘယ်လိုမှ မတိုးနိုင်ဘဲ ထိခိုက်သေဆုံးမှုတွေသာ များနေတယ်လို့ နောက်ထပ်မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
“လက်ရှိသူတို့ရဲ့အနေအထားကတော့ လက်နက်ကြီးကိုအများအပြားသုံးစွဲနေတာတွေ တွေ့ရတယ်၊ လေယာဥ်ပစ်ကူအများအပြားသုံးစွဲတာကိုတွေ့ရတယ် ၊ မြေပြင်အခြေအနေမှာတော့ သူတို့ရဲဘော်တွေက ရှေ့ကို လုံးဝတက်နိုင်တဲ့အခြေအနေမရှိဘူးပေါ့နော်”
ဒါ့အပြင် လေးကေ့ကော်မြို့ကို စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းသင်တန်းဆင်း အင်အားအမြောက်အများဖြင့် စစ်ကြောင်းထိုးနေပေမဲ့ စတင်စစ်ကြောင်းထိုးစဥ်ကနေ ဒီနေ့အချိန်ထိ စစ်ကြောင်းတန့်နေတဲ့အပြင်အင်အား(၂၀၀)နီးပါးလောက် ထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့ အဆိုပါရဲဘော်မှ ဆက်ပြောပါတယ်။
“ဒီကောင်တွေအင်အားတွေလည်း အဆမတန်သုံးပြီးတိုးနေတယ်၊ လေးကေ့ကော်အစကနေ ဒီနေ့အထိ မျက်မြင်နဲ့ခန့်မှန်းချက်အရဆိုရင် ဒီကောင်တွေ၂၀၀ကျော်ကတော့ ပြုတ်သွားပြီ၊ ဒဏ်ရာရတာတွေလည်း အရမ်းများတယ်၊ ပြီးတော့ မိုင်းကြောင့်သေရတာလည်း တောင်ပုံရာပုံရှိတယ်”
တော်လှန်ရေးအင်အားစုတွေကြောင့် ဘယ်လိုမှ စစ်ကြောင်းရှေ့ဆက်မတိုးနိုင်တဲ့ စစ်ကောင်စီအနေဖြင့် ၎င်းတို့အခြေပြုရာအနီးအနားမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့တာတွေ စတင်ပြုလုပ်လာနေပြီး တော်လှန်ရေးအင်အားစုနဲ့ ပြည်သူအကြားသွေးခွဲဖို့ လုပ်ဆောင်နေတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Photo-ပုံဟောင်း