စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မနေ့က ညနေပိုင်းမှာ သေနတ်တွေပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ The voice of wetlet madayar မှ တာဝန်ခံက BBMကို ပြောပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီ၀န်းကျင်ကနေ စစ်ကောင်စီက စစ်ကိုင်းမြို့ပေါ်ရှိ ချင်းစုရပ်ကွက်နဲ့ ဧမြဝတီရပ်ကွက် တို့ကို သေနတ်တွေ ပစ်ဖောက် ဝင်ရောက် စီးနင်းခဲ့ပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကိုင်း အနောက်ခြမ်းပိုင်း ရပ်ကွက်အတော်များများ အိမ်တွေထဲထိ ဝင်ဆွဲတာအကိုရေ”
လို့ အဆိုပါ တာ၀န်ခံကပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ တာရိုးကြီး အနောက်ခြမ်း ဘော်ဂါရပ် ၊ ငါးထပ်ကြီး နဲ့ ဘော်ဂါတောင်မြောက်ရပ်တို့ကိုလည်း စစ်ကောင်စီက အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ်တွေ ပစ်ဖောက်ကာ လူငယ်တွေကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ တပ်မ ၃၃ က လာထိုင်တဲ့ စခတွေနဲ့ ခေတ်မကောင်းတော့ အချောင်စားရပြီးရောဆိုတဲ့ အရင်က ရဲရဲနီခဲ့တဲ့ ပျူစောထီးတွေပေါ့ဗျာ”
လို့ အဆိုပါ တာ၀န်ခံက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းမြို့ အနောက်တာရပ်ရှိ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးကို “စစ်ရှောင်တွေကိုဝင်ပြီး အာမခံမနေနဲ့ စစ်ရှောင်တွေရှိတဲ့ကျောင်းလည်း ဝင်ဆွဲရင်ဆွဲမှာပဲ”လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ ပက်သက်သူတွေသာ ပြန်လွတ်လာပြီး ပြည်သူတွေကတော့ ငွေပေးလို့လည်း မလွတ်တော့ဘူးလို့ ဆိုပါတယ်။
“ခုချိန်ကတော့ သူစိမ်းလူဆို ပိုက်ဆံနဲ့ ပြန်ရွေးဖို့ရာ မဖြစ်နိုင်၊မရနိုင်တော့ဘူးဗျ ၊ ပြန်လွတ်လာတဲ့ သူဆိုလို့ သူတို့ သားသမီးတွေ၊ ဘောကြီးကြီး မနိုင်တဲ့ သူမှ ပြန်လွတ်တာ”
လို့ အဆိုပါ တာ၀န်ခံက ပြောပါတယ်။ လက်ရှိချိန်ထိ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက စစ်ကိုင်းမြို့ အနှံ့ကို အိမ်စီးကားတွေနဲ့ လှည့်လည်နေတယ်လို့ သိရပါတယ်။
ပုံ-လူမှု ကွန်ယက်
#BBM#News#UpdateNews#Sagaing#Junta#တပ်မ၃၃#ပေါ်တာဆွဲဖမ်းဆီးခြင်း#Porter