ကျောက်မဲမြို့မှ TNLAအုပ်ချုပ်ရေး ယန္တရားအချို့ ရွှေ့ပြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီအနေဖြင့် မြို့ပေါ်ရှိ ရပ်ကွက်(၁)အထိပင် ရောက်ရှိတပ်စွဲလာနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေဖြင့် ကျောက်မဲမြို့အဝင်ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့TNLAရဲ့အကြီးဆုံးခံတပ်စခန်းဖြစ်တဲ့ စခန်းသာကျေးရွာကိုစက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ရရှိပြီးတဲ့နောက် ဆက်တိုက်ဆိုသလိုပင် ကျောက်မဲမြို့ကို ထပ်မံထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါတယ်။
ယခုအခါ ပြည်ထောင်စုလမ်းမကြီးပေါ်မှ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်မဲမြို့အဝင်မှာရှိတဲ့ ရပ်ကွက်(၁)အစပ်နားထိပင် ရောက်ရှိတပ်စွဲနေပြီး မြို့တွင်းတိုက်ပွဲဖြစ်ပွါးမှုတွေရှိနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
“ရပ်ကွက်၁နဲ့ဆက်စပ်နေတဲ့ အပိုင်းတွေချဥ်းကပ် ဝင်ရောက်နေပြီခင်ဗျာ၊ လက်နက်ငယ်တချို့ပါ အသံတွေမြို့ထဲအထိ အတိုင်းသားကြားနေရပြီဗျ”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ မြို့တွင်းဧရိယာအထိ ချဥ်းကပ်ဝင်ရောက်လာပြီဖြစ်တာမို့ မြို့ပေါ်မှာ ကျန်ရှိနေတဲ့ ဒေသခံအများစုကလည်း စစ်ဘေးရှောင်တာတွေစတင်ပြုလုပ်လာနေပြီလို့လည်း ၎င်းမှ ဆက်ပြောပါတယ်။
“မြို့ပေါ်က အများစုရှောင်ကြရပါပြီ၊ ဒီနေ့ဆို မိုးရွာထဲ ဆိုင်ကယ်စုတ်လေးတွေနဲ့စစ်ရှောင်နေကြရတဲ့ပြည်သူတွေ အများကြီးခင်ဗျာ”
ဒါ့အပြင်ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးမှသာမက မိုင်းတင်းကျေးရွာလမ်းဆုံတို့မှလည်း ဖိအားပေးရန် စကစ ဘက်က စစ်ကြောင်းတစ်ကြောင်းသီးသန့်ခွဲထုတ်ထားပြီး စခန်းသာကျေးရွာကို စကစ ရရှိပြီးတဲ့နောက် အဆိုပါမိုင်းတင်းကျေးရွာ ပတ်ချာလည်မှာလည်း တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါးလာတယ်လို့လည်း သိရပါတယ်။
မိုင်းတင်းကျေးရွာအတွင်းရှိ TNLAဂိတ်စခန်းနဲ့ စစ်စခန်းအချို့ကို ပြီးခဲ့တဲ့ရက်က ကျေးရွာဒေသခံတွေရဲ့ တောင်းဆိုချက်အရ TNLAမှရုတ်သိမ်းမှုတွေပြုလုပ်ခဲ့ရသလို SSPP/SSAမှလည်း စစ်အင်အားတိုးချမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းများ ကျောက်မဲမြို့အနီးရောက်ရှိလာပြီးတဲ့နောက် မြို့ပေါ်မှာရှိတဲ့ TNLAရဲ့ အုပ်ချုပ်ရေးယန္တရားအပါအဝင် ခေါင်းဆောင်ပိုင်းအချို့ဟာ ကျောက်မဲမြို့မှ ပြန်လည်ဆုတ်ခွါမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။
“ရပ်ကွက်(၁)က မြို့အဝင်ဟုတ်ပါတယ်ခင်ဗျာ၊ ဒီတိုင်းဆို အခြေအနေက ကျောက်မဲပါဖို့ကအတော်လေးရာခိုင်နှုန်းများသွားပြီခင်ဗျာ၊ TNLAနဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့က ခေါင်းဆောင်တွေပါ ရွှေ့နေကြပြီလို့လည်း ကြားတယ်ဗျ”
စစ်ကောင်စီအနေဖြင့် ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ သြဂုတ်လ၂၈ရက်နေ့မှစတင်ကာ လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းတို့အသုံးပြုကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး တစ်လအကြာမှာတော့ ကျောက်မဲမြို့အဝင် ရပ်ကွက်(၁)အစပ်နားထိရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
Photo-TNLA