မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ ၃ မိုင်အကွာရှိ ဂုတ်ကြီးစခန်း ကျရောက်ပြီးနောက် စစ်ကောင်စီဟာ နတ်ရေကန်ဗျူဟာကုန်းစခန်းကို စစ်ကား ၂၀ နီးပါးနဲ့ အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ငဖဲမြို့နယ်ရှိ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဟာ ပဒါန်းတပ်နယ်ကနေ စစ်ကား ၂၀ နီးပါးနဲ့ အင်အားဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။
ပဒါန်းတပ်နယ်ရှိ စစ်ကောင်စီဟာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ် အမတ ၃၇၅၊ အမတ ၄၀၉၊ အမတ ၆၀၉ တို့က စစ်ကားအများအပြားအင်အား ဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။
“ဂုတ်ကြီးစခန်းကျပြီးနောက် စစ်ကောင်စီက နတ်ရေကန် ဗျူဟာကုန်းစခန်းကို စစ်ကားတွေနဲ့ အင်အားဖြည့်တင်းနေတာရှိပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့တုန်းကဆိုရင် စစ်ကား ၂၀ နီးပါ နတ်ရေကန်ဗျူဟာကုန်းကို တက်သွားတာရှိပါတယ်။ ပြီးတော့ ဂုတ်ကြီးကျေးရွာအနီးအနားမှာ Y – 12 တွေရော၊ ဂျက်ဖိုက်တာတွေရော ဝဲနေကြတာရှိပါတယ်။ အမှတ် ၉၀၅ အမြောက်တပ်နဲ့ တခြားတပ်ရင်းတွေကလည်း အင်အားဖြည့်တင်းနေကြတာဖြစ်ပါတယ်”
လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ငဖဲမြို့နယ်ရှိ ဂုတ်ကြီးကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ စစ်အင်အားတွေ ပြန်လည်ဖြည့်တင်းလာတာလည်း ဖြစ်ပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းရှိ MPT တာဝါတိုင်ကုန်းစခန်း၊ မထုံး၊ လင်းတဲ၊ စွန်တက် ၊ဂုတ်စည်း၊ ကံမြင်ကန် နဲ့ ဂုတ်ကြီးစခန်းတွေကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အဆိုပါလမ်းပိုင်းမှာ နတ်ရေကန်ဗျူဟာကုန်း တစ်ခုသာကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်ရေကန်ဗျူဟာကုန်းကို အမ်း – ပဒါန်း လမ်းဟောင်းနေပြီးတော့ စစ်အင်အားတွေဖြည့်တင်းနေတာဟာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ MPT တာဝါတိုင်ကုန်း ကာကင်းစခန်းကို ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
“ဂုတ်ကြီးစခန်းကျသွားပြီးတော့ နတ်ရေကန်ကို စစ်ကောင်စီက အင်အားဖြည့်တင်းတာက အပိုလို့ပဲမြင်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂုတ်ကြီးကနေ ပြင်းဝဂိတ်ကိုရောက်ဖို့အတွက် ၄ မိုင်လောက်ပဲ လိုတော့တယ်။ နောက်ပြီး ပြင်းဝဂိတ်နဲ့ ပဒါန်းလမ်ဆုံနဲ့ ဆိုရင် ၆ မိုင် စုစုပေါင်း ၁၀ မိုင်လောက်ပဲ လိုတော့တယ်။ နောက် ၁၀ မိုင်လောက်သာ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်ဆင်းလာရင် ပုသိမ် – မုံရွာလမ်းပိုင်းကို ရောက်ပါပြီ။ နတ်ရေကန်ကို အင်အားဖြည့်ရင်လည်း အလကားပါပဲ။ ဂုတ်ကြီးအထိရောက်လာပြီးဆိုတော့ စစ်ကောင်စီတပ်က ပေါက်ထွက်သွားပါပြီ။ တော်လှန်ရေးတပ်တွေက နတ်ရေကန်ကို ကျော်လာပြီးဖြစ်ပါတယ်။ နတ်ရေကန်ကို အင်အားဖြည့်တာက အဲဒီစခန်းရဲ့အရှေ့မှာ တာဝါတိုင်ကုန်းစခန်းဆိုတာရှိပါတယ်။ စစ်ကောင်စီက အဲဒီတာဝါတိုင်ကုန်း စခန်းကိုသိမ်းပြီးတဲ့အခါမှ အမ်းဖက်ကိုထိုးစစ်ဆင်ချင်တာလားပေါ့ အဲဒီလိုမျိုးတော့ မြင်မိပါတယ်”
လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပဒါန်းမြို့ပြင်ရှိ ပြင်းဝ စစ်ဆေးဂိတ်မှာလည်း တပ်မ ၈၈၊ တပ်မ ၉၉တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်မှုထမ်း(ပစ) တွေကို စစ်အင်အားတွေဖြည့်တင်းကာ ခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
အမ်း – ပဒါန်းလမ်းပိုင်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကျရောက်ပါက ၁၀ မိုင်ခန့်အကွာမှာ မကွေးတိုင်း၊ ငဖဲမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ ယမ်းချက်စက်ရုံ ကပစ ၁၄ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတည်ရှိနေတာလည်း ဖြစ်ပါတယ်။
အလားတူ ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့ဝန်းကျင်မှာလည်း မော်တာကျည်ဆန်နဲ့ အမြောက်ဆန်တွေ ထုတ်လုပ်တဲ့ ကပစ ၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီး ၄၀ မီလီမီတာ တာဝေးပစ်ယာဉ်တင်ဒုံး ထုတ်တဲ့ ကပစ ၁၀ စက်ရုံတို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း – ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ပါက စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကို ခြိမ်းခြောက်လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
Photo-ပုံဟောင်း