Sunday, December 21, 2025
Home » မကွေးတိုင်း သရက်-မင်းလှ လမ်းပိုင်းမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း သရက်-မင်းလှ လမ်းပိုင်းမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်

0 17
17

🟥စစ်ကောင်စီတပ်ဖွဲ့၀င် ၆ယောက်သေပြီး ၁၃ယောက် ထိခိုက်ဒဏ်ရာရရှိ

မကွေးတိုင်း၊ ဒဟတ်ပင် ရေမှော်အနီး သရက်-မင်းလှ လမ်းပိုင်းတစ်နေရာမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့၀င် ၆ယောက်သေဆုံးပြီး ၁၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသာချိုက BBM ကိုပြောပါတယ်။

အောက်တိုဘာလ (၂) ရက်နေ့၊ ညနေ (၄) နာရီခန့်က ဒဟတ်ပင်ရေနံမှော်အနီး သရက် – မင်းလှလမ်းပိုင်းတစ်နေရာမှာ အထက်မင်းလှမြို့နယ် လင်းကယ် ရဲ စခန်း အနီးတဝိုက်ကျေးရွာတွေကို ‌(၃) ညအိပ် (၄)ရက် စစ်ကြောင်းထိုးပြီး အပြန် ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီ နေရာက သူတို့(စကစ) အပြည့်အ၀ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တယ်။ ကျွန်တော်တို့ကို သတင်းပေးမယ့်သူ‌လည်းမရှိဘူး။ ထမင်းကျွေးမယ့်သူလည်း မရှိဘူး။ သူတို့(စကစ) အုပ်ချုပ်ရေးမှူး၁ယောက်တည်းနဲ့ လည်ပတ်နေတဲ့နေရာတွေဖြစ်တယ်ပေါ့။ အဲ့ဒီမှာနေရာမှာ ၁ခါမှတိုက်ပွဲမဖြစ်ဖူးဘူး”လို့ ကိုသာချိုက ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၆ယောက်သေပြီး ၁၃‌ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ပစ်တဲ့ ၄၀မမ အသီးက ကားထဲ တိုက်ရိုက်၀င်‌သွားတာပေါ့နော်။ အဲ့ဒါက အထိအခိုက်များစေ‌တာပေါ့”

လို့ တာ၀န်ခံ ကိုသာချိုက ပြောပါတယ်။ တိုက်ပွဲကြာချိန် ၃မိနစ်သာ ရှိခဲ့ပြီး စစ်ကောင်စီဘက်က ကျည် ၁တောင့် တောင် ပြန်လည်ပစ်ခတ်နိုင်စွမ်းမရှိဘဲ ကစဉ့်ကလျားထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွင်း ခံစားချက်ကတော့ မှတ်ပလားပေါ့နော်။ ပြုံးပြုံးကြီးပေါ့”လို့ တာ၀န်ခံ ကိုသာချိုက BBM ကိုပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကပစ(၂) မလွန်မှ အင်အား ၁၀၀ ၀န်းကျင်ပါ စစ်စိမ်းရောင် စစ်ဖောကား (၄) စီးနဲ့ တိုက်ခိုက်ခံရတဲ့နေရာကိုရာက်လာကာ ရပ်တန့်ခြင်းမရှိပဲ ဒဟတ်ပင်ရေနံမှော်ရောက်မှ ရပ်ပြီး လက်နက်ကြီး အချက်ပေါင်းများစွာ နဲ့ ကောင်တာပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အပြန်လမ်းတစ်လျှောက်မှာ မဲမဲမြင်ရာ ရမ်းသမ်းပစ်ခတ်ပြီး အရှိန်မြှင့်မောင်းပြေးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ကပစ(၂) ထဲကို သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလဲ ကပစ (၂) ထဲမှာပဲ ကြိတ်ပြီးကုသနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အရပ်သား ကုန်တင်ကားတစ်စီး၀င်ရောက်လာတာကြောင့် များစွာအနှောက်ယှက်ဖြစ်ခဲ့ရပြီး အဆိုပါကားကို မထိအောင် ရှောင်ပစ်ရင်း ပစ်အားလျှော့ချခဲ့ရတာကြောင့် စကစဘက်က အကျအဆုံးနည်းသွားခဲ့ရတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အကုန်တော့ဆော်တာပဲ။ ကြားထဲ ပြည်သူကားတွေ ၀င်လာတဲ့အခါမှာ များစွာ အနှောင့်အယှက်ဖြစ်ရတယ်ပေါ့။ စိတ်ရှိတိုင်းပစ်လို့ မရခဲ့ဘူးပေါ့”

လို့ ‌ဗမာပြည်ကာကွယ်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသာချိုက ပြောပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အထိအခိုက်အကျအဆုံးမရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အဆိုပါတိုက်ခိုက်ခံရ‌တဲ့နယ်မြေကို မကြာခင်မှာပဲ စစ်ကြောင်းထိုးပြီး နယ်မြေလာရှင်းမယ်လို့ ကြိမ်းမောင်းခဲ့ပြီး အပြန်လမ်းတစ်လျှောက်ရှိ ထောက်ခံအားပေးသူများကို အားပေးစကားပြောပြီး အခြားဒေသခံပြည်သူများကိုတော့ တွေ့ကြသေးတာပေါ့ဟု ကြိမ်းမောင်းသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ် လာနိုင်တာကြောင့် အဆိုပါ ဒဟတ်ပင် ရေနံမှော်အနီးနားရှိ ပြည်သူ‌တွေအနေနဲ့ သတိဝီရိယထားပြီး စစ်ကောင်စီရဲ့ အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားကြဖို့ ဗမာပြည်ကာကွယ်ရေးတပ်က မှာကြားထားပါတယ်။

ဒါ့အပြင် ခရီးသွား ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ မီတာ (၃၀၀) အတွင်း အနီးကပ်လိုက်ပါခြင်း လုံး၀ မပြုလုပ်ကြဖို့နဲ့ ပစ်ခတ်မှု အသံများကြားပါက ဘေးကင်းရာအရပ်မှာ ခေတ္တ ရပ်နားထားပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံထားပါတယ်။

Video-ဗမာပြည်ကာကွယ်ရေးတပ်

#BBM#News#UpdateNews#Junta#Peopledefenseforce#UnitedStatesofBurmaArmy#Magway

Leave a Comment

Latest Post

Latest Post