Monday, December 22, 2025
Home » ကပစ ၆ အနီးက ဆင်လန်ကာကင်းစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ

ကပစ ၆ အနီးက ဆင်လန်ကာကင်းစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ

0 16
16

🟥စစ်ကောင်စီဘက်က အကျဆုံးများစွာနဲ့ ဆုတ်ခွာနေရ

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကပစ ၆ အနီးက ဆင်လန်းကျေးရွာရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က အကျအဆုံးများပြားနဲ့ ဆုတ်ခွာနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဆင်လန်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို အာရက္ခတပ်တော် AAနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ အဲဒီရွာအနီးအနားရှိ ကာကင်းစခန်း ၂ ခုကိုသာ သိမ်းပိုက်ရရှိထားပြီး လက်ကျန်ကာကာင်းစခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာလည်း အဆိုပါတိုက်ပွဲဖြစ်ပွားနေကြတဲ့ ဆင်လန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကို လေကြောင်း၊ ဒရုန်းတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြားကပဲ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကျအဆုံးများစွာနဲ့ပဲ ဆုတ်ခွာမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

“ဆင်လန်းဖက်မှာ တိုက်ပွဲကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းကပင် ဖြစ်နေကြတာရှိပါတယ်။ စက်တင်ဘာလမှာတော့ AA နဲ့ ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတော့ တိုက်ပွဲတွေက ပိုပြင်းထန်နေကြတာပါ။ အဲဒီဖက်မှာ ကာကင်းစခန်း ၂ ခုကိုတော့ ရထားပြီ ကျန်ကာကင်းစခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်”

လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဆင်လန်ကျေးရွာ တိုက်ပွဲအတွင်းမှာ တရုတ်ထုတ်နည်းပညာမြင့် ဒရုန်းတွေကို အဓိက ဦးစားပေးကာ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း စစ်အင်အားလာရောက်ဖြည့်တင်းကြတဲ့ စစ်ကားကြီးတွေနဲ့ ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ ဆံ့ ဆေးရုံကြီးကို ဆေးကုသမှုခံယူဖို့အတွက် ခေါ်ဆောင်သွားကြတယ်လို့လည်း သိရပါတယ်။

ဆင်လန်းကျေးရွာဟာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ညောင်းကျိုးကျေးရွာနဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်ရုံတည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာ အကြားမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ညောင်ခြေထောက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ကပစ ၆ စက်ရုံတည်ရှိပြီး အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖော်ဆောင်နေတဲ့ ဆင်လန်းကျေးရွာနဲ့ ဆိုပါက ၇ မိုင်ခန့်သာ ဝေးကွာတော့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ ပဲခူးတိုင်းအနောက်ခြမ်းရှိ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းက ညောင်ကျိုးစခန်းအပါအဝင် မိုးထိစခန်း၊ တောင်ပုံကြီးစခန်းနဲ့ ပန်းကန်ကွဲစခန်းတို့ကို ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဆင်လန်းကျေးရွာရှိ ကာကင်းစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ပါက စစ်ကောင်စီတပ်ရဲ့ ကပစ စက်ရုံတွေကိုပါ ခြိမ်းခြောက်လာနိုင်တော့မှာ ဖြစ်တယ်လို့ အဆိုပါစစ်ဆင်ရေးနဲ့ နီးစပ်တဲ့ တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက BBM ကို ပြောပါတယ်။

“ဒီဆင်လန်းကျေးရွာက ကာကင်းစခန်းတွေကို သိမ်းပိုက်ပြီးရင်တော့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်း ကုန်ကြမ်းထုတ်လုပ်တဲ့ ကပစ ၆ စက်ရုံကို ရောက်ပါတယ်။ စစ်ကောင်စီတပ်ကလည်း အဲဒီဖက်ကို မရောက်နိုင်အောင်အတွက် စစ်အင်အားဖြည့်တင်းနေတာ ရှိပါတယ်။ ကပစ ၆ စက်ရုံကတော့ ပုံမှန်အတိုင်းပဲ လှည့်ပတ်နေတယ်လို့လည်း သိရပါတယ်။ စစ်လက်နက်ပစ္စည်တွေ ပြောင်းတာရွှေ့တာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ရင် ပစ်လို့ရတဲ့အနေအထားကို ရောက်နေပြီးလို့ပြောလို့ရပါတယ် “

လို့ အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှာ တည်ရှိတဲ့ ကပစ (၆) စက်ရုံကို လေသာတောင်၊ ဆင်လန်းတောင်၊ စန်းပတ်လက်တောင် စတဲ့ကာကင်းကုန်းစခန်းတွေနဲ့ ကာရံထားတာဖြစ်ပြီး ဥသျှစ်ပင်မြို့ရဲ့ တောင်ဘက် ပုသိမ်- မုံရွာကားလမ်းပေါ်မှာ ကပစ ၉၊ ကပစ ၅ စက်ရုံတို့ တည်ရှိိနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်းမှာ ကပစ စက်ရုံ ၇ ရုံ ရှိနေတာဖြစ်ပြီး ပြည်မြို့နယ်မှာ ကစပ ၃၊ ၇၊ ၁၉ စက်ရုံတို့ရှိပြီး ဥသျှစ်ပင်မြို့နယ်မှာတော့ ကပစ ၅၊ ၆၊ ၉ နဲ့ ၁၆ စက်ရုံတို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ AA နဲ့ PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကပစ – ၆ စက်ရုံဟာ စစ်ကောင်စီရဲ့စစ်လက်နက် ပစ္စည်းတွေအတွက် အဓိက ကုန်ကြမ်းထုတ်ပေးနေတာဖြစ်ပြီး တခြားသော ကပစ စက်ရုံတွေ အကုန်လုံးနဲ့လည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။

ပုံ-AA Info Desk

#BBM#News#Rakhine#AA#Junta#PeopleDefenseForce

Leave a Comment

Latest Post

Latest Post