Sunday, December 21, 2025
Home » အာရက္ခတပ်တော်ရဲ့ မကွေး၊ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းထိကိုပါခြိမ်းခြောက်လာနေတဲ့ ထိုးစစ်

အာရက္ခတပ်တော်ရဲ့ မကွေး၊ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းထိကိုပါခြိမ်းခြောက်လာနေတဲ့ ထိုးစစ်

0 48
48

ဒီရက်ပိုင်း အာရက္ခတပ်တော်AAနဲ့ မြန်မာစစ်တပ်နဲ့ကြားက တိုက်ပွဲတွေကအတော်လေးလူပြောများတဲ့အကြောင်းအရာတွေဖြစ်ခဲ့ပြီး တော်လှန်ပြည်သူကော စစ်တပ်ထောက်ခံသူတွေပါအထူးအာရုံစိုက်စောင့်ကြည့်ခဲ့တဲ့ တိုက်ပွဲတွေလို့ပဲဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ကနေ ၂၀၂၅ နှစ်စလောက်အထိ တောက်လျှောက်ဆိုသလို တော်လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံအနှံ့အပြားမှာ အသာစီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ပြီး မြို့သိမ်း၊ စခန်းသိမ်းတာတွေသာမက ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်တွေကိုပါ ရှင်းလင်းသုတ်သင်နိုင်ခဲ့တာတွေ၊ သုံ့ပန်းအဖြစ်ဖမ်းဆီးအရေးယူနိုင်ခဲ့တာတွေရှိခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့မျိုးဆက်တစ်ခုလုံးမှာသာမက လက်လှမ်းမှီသမျှ မျိုးဆက်တွေတစ်ခုလုံးမှာပါ မြန်မာစစ်ဗိုလ်ချုပ်တွေကို တော်လှန်ရေးအင်အားစုတွေက အရှင်ဖမ်းဆီးနိုင်တာတွေ၊ ရှင်းလင်းသုတ်သင်နိုင်တာတွေနဲ့ မြို့တွေတစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို သိမ်းပိုက်ပြနိုင်ခဲ့တယ်ဆိုတာမျိုးတွေကို လုံးဝကြားဖူးခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ၁၀၂၇နောက်ပိုင်း ဆက်တိုက်မြင်တွေ့ကြားခဲ့ရတဲ့ အာဏာရှင်မြန်မာစစ်တပ်ရဲ့ ကျဆုံးခန်းကို တော်လှန်ပြည်သူ ကြီးငယ်မရွေးဝမ်းသာအားရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကိုလည်း အလွန်ကို နှစ်ထောင်းအားရကြိုဆိုမှုတွေရှိခဲ့ပါတယ်။

ဒီအောင်မြင်မှုတွေဟာ ရှမ်းပြည်မှာဆိုရင် ရှမ်းမြောက်တစ်ခုလုံး လွတ်မြောက်လုနီးပါးဖြစ်ခဲ့သလို ကရင်နီ ၊ ချင်း၊ ကရင်နဲ့ အညာဒေသတွေမှာလည်း အတိုင်းအတာအတော်များများနဲ့ နယ်မြေစိုးမိုးမှုတွေရရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်မှာဆိုရင်လည်း ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့(၃)မြို့မှလွဲပြီး ကျန်တဲ့ ပြည်နယ်အတွင်းမှ မြို့တွေအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ကာ လက်စွမ်းပြနိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒီလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကို စစ်တပ်က နိုင်ငံရေးနည်းလမ်း၊ စည်းလုံးရေးနည်းလမ်း၊ သွေခွဲခြင်း နည်းလမ်း စသဖြင့် နည်းလမ်းပေါင်းစုံသုံးပြီး တုံ့ပြန်ဆောင်ရွက်မှုတွေရှိခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အစောပိုင်းကစကာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကိုကောင်းကောင်းတန်ပြန်လာနိုင်နေတဲ့အပြင် အခုနောက်ပိုင်းဆို စစ်တပ်က အသာစီးပုံစံဖြင့်ပင် ၎င်းတို့လက်လွှတ်ထားရတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်လာတာတွေကိုတွေ့လာရပါတယ်။

စစ်တပ်ရဲ့ဒီလိုတစ်ဖန်အားကောင်းလာတာတွေနဲ့ပတ်သတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကောပြည်သူတွေကပါစိုးရိမ်မှုတွေရှိခဲ့သလို စစ်တပ်
ဝါဒဖြန့်ချီရေးတွေကလည်း တစိုက်မတ်မတ်နဲ့ပင် စစ်တပ်က တစ်နိုင်ငံလုံးအသာပြန်ရနေပြီ၊ တော်လှန်ရေးကရှုံးသွားပြီဆိုတဲ့ ဦးတည်ချက်မျိုးနဲ့ ဝါဒဖြန့်ချီတာတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒါမဲ့ ဒီဝါဒဖြန့်မှုတွေဟာ မှန်ကန်မှုရှိမနေဘူးဆိုတာကို ဒီရက်ပိုင်း အာရက္ခတပ်တော်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ၊ အာရက္ခတပ်တော်နဲ့ စစ်တပ်တို့ကြား အပြင်းအထန်ဖြစ်ပွါးနေတဲ့မကွေးတိုင်း၊ပဲခူးတိုင်းအတွင်းက တိုက်ပွဲတွေက သက်သေပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ပြီးခဲ့တဲ့ (၁၀)ရက်နေ့က အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး အနည်းငယ်ပြောချင်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာဆိုရင် အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်တို့ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူတွေသာမက၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာပါ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတယ်လို့ ပါရှိပါတယ်။ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတာနဲ့အညီ ပြည်သူလူထုကိုအသိပေးထားပြီး စစ်တပ်ရဲ့ယုတ်မာမှုတွေကို သတိထားရန်လည်း တိုက်တွန်းထားတာတွေရှိပါတယ်။

ဒီထုတ်ပြန်ချက်နဲ့တစ်ဆက်တည်း လက်ရှိအာရက္ခတပ်တော်ဦးဆောင်တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲတွေဟာလည်း တကယ်ကိုပြင်းထန်နေပြီး ရခိုင်ပြည်နယ်အတွင်းက သိမ်းပိုက်ရန်ကျန်ရှိနေတဲ့ စီမံကိန်းတွေရှိရာ ကျောက်ဖြူ၊ ပြည်နယ်မြို့တော် စစ်တွေဒေသတွေသာမက ရခိုင်ရိုးမတစ်ဖက်က ပဲခူးတိုင်းဘက်ခြမ်း၊ မကွေးတိုင်းဘက်ခြမ်းတွေ၊ စစ်ကောင်စီအားကောင်းရာ ဧရာဝတီတိုင်းဘက်ခြမ်းတွေမှာပါ ကျယ်ပြန့်စွာဖြစ်ပွါးလျက်ရှိပါတယ်။ အာရက္ခတပ်တော်ရဲ့ဒီလို စစ်မျက်နှာကျယ်ပြန့်မှုနဲ့ပတ်သတ်ပြီး စစ်ရေးစောင့်ကြည့်သူတွေကိုယ်တိုင်ကပင် ရေရှည်မှာဖြစ်နိုင်ပါ့မလား၊ အားကောင်းနေရာကနေ အားပျော့သွားနိုင်မလားဆိုတဲ့ မေးခွန်းတွေရှိခဲ့ပေမဲ့ နယ်မြေဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကောင်းစွာချိတ်ဆက်နားလည်ယူခဲ့မှုတွေကြောင့် ဖွင့်ထားသမျှ စစ်မျက်နှာတိုင်းမှာ အသာရနေတာကိုလည်း တွေ့ရပါတယ်။

ပထမဦးစွာဒီအပတ်အတွင်း လူပြောများခဲ့တဲ့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတဲ့ မကွေးတိုင်းအတွင်းက နတ်ရေကန်တိုက်ပွဲနဲ့ပတ်သတ်ပြီးပြောချင်ပါတယ်။ နတ်ရေကန်စခန်းဆိုတာဟာ ရခိုင်မှတဆင့် မကွေးတိုင်းထဲကို စိမ့်ဝင်လာမဲ့တော်လှန်ရေးအင်အားစုတွေကို တားမြစ်နိုင်ဖို့အတွက် စစ်
ကောင်စီရဲ့အရေးကြီးဆုံးခံစစ်စခန်းကုန်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အဆိုပါစခန်းကုန်းအတွင်း လေကြောင်းရန်ကာကွယ်ရေးတွေသာမက၊ အမြောက်၊ဆေးနဲ့တိုက်ခိုက်ရေးတပ်အမြောက်အများပါရှိပြီး အနီးအနားစိုးမိုးကုန်းတွေ နယ်မြေတွေကို အင်အားဖြန့်တာတွေပြုလုပ်ပြီး အာရက္ခတပ်တော်ရဲ့ မကွေးတိုင်းထိုးစစ်ကို ဟန့်တားဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

ကြားသိရသလောက်ဆိုရင် အဆိုပါစခန်းကုန်းအတွင်း စကခ(၁၇)မှ ဗျူဟာမှူးနဲ့အဖွဲ့ကိုယ်တိုင်းကြီးကြပ်ကွပ်ကဲနေသလို အမြောက်၊လက်နက်ကြီးပစ်ကူအမြောက်အများလည်းရှိတယ်လို့သိရပါတယ်။ ဒါမဲ့ယခုနောက်ဆုံးသိထားသလောက်အခြေအနေအရဆိုရင် အဆိုပါကုန်းရဲ့ အရေးကြီးကာကင်းစခန်းကုန်းတွေအကုန်လုံးကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို ပင်မနတ်ရေကန်ကုန်းကိုလည်း ဝိုင်းပတ်ပိတ်ဆို့တာတွေပြုလုပ်ထားနိုင်နေပြီလိူ့သိရပါတယ်။ တကယ်လို့ အဆိုပါနတ်ရေကန်ဗျူဟာစခန်းကိုပါ ရလိုက်မယ်ဆိုရင် ၎င်းတို့အနီးရှိ ကပစ(၁၄)ဟာ အလိုအလျောက် ရှေ့တန်းစစ်မြေပြင်သဖွယ်ဖြစ်သွားမဲ့အခြေအနေမျိုးလည်းပဲဆိုချင်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဘက်က အာရက္ခတပ်တော်နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းထိုးစစ်မှာဆိုရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဥသျှစ်ပင်မြို့နယ် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၆) အနီးက ဆင်လန်းကျေးရွာ အထိရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒီကျေးရွာတိုက်ပွဲမှာတောင် စကစ ၃၀ထက်မနည်းသေဆုံးခဲ့တာတွေရှိတယ်လို့ သိထားရပါတယ်။

ဒါတင်မကသေးဘဲ မြန်မာစစ်တပ်နဲ့အာရက္ခတပ်တော်တို့ကြား ရခိုင်ရိုးမနယ်စပ်တစ်လျှောက် ဧရာဝတီတိုင်းအတွင်းက ရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူနဲ့ မြန်အောင်မြို့နယ်အထိတိုက်ပွဲတွေဖြစ်ပွါးနေပြီး အာရက္ခတပ်တော်ဘက်မှ အောင်မြေချဲ့နေတာတွေကို မြင်တွေ့ရပါတယ်။

ဆိုတော့ ဒီအခြေအနေတွေဟာ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ အခြေအနေနဲ့တိုက်ပွဲပုံစံတွေကို မြေပြင်အချက်အလက်အတိုင်းချပြထားတာဖြစ်ပြီး ဒီအခင်းအကျင်း၊ဒီအချက်အလက်တွေကို ကြည့်ရုံနဲ့တင် စစ်တပ်က လုံးဝအသာရနေပြီ ဆိုတဲ့အတွေးအခေါ်မျိုးဝင်အောင် ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်နေတဲ့ စစ်ကောင်စီလောဘီတွေရဲ့ပြောဆိုမှုတွေမှားယွင်းကြောင်း ထင်ရှားစေနိုင်ပါတယ်။ စစ်ကောင်စီဘက်က ဘယ်လောက်ပဲသူတို့နိုင်နေပါပြီ၊ ရခိုင်မှာလည်းခေါင်းထောင်နိုင်နေပါပြီလို့ပြောနေပါစေ မြေပြင်အချက်အလက်တွေအတိုင်းဆို အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ မကွေး၊ပဲခူးနဲ့ဧရာဝတီအထိပါခြိမ်းခြောက်နိုင်နေပြီဆိုတာ ထင်ရှားပါတယ်။

Leave a Comment

Latest Post

Latest Post