Monday, December 22, 2025
Home » ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေလုပ်ဆောင်နေ

ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေလုပ်ဆောင်နေ

0 13
13

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ရဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ကနေ ဧရာဝတီဖက်ကို စစ်ရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းရှိ ၁၁ / မျဥ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားကြတဲ့ ရခိုင်ဒေသခံတွေကို အဓိကဦးတည်ကာ ဖမ်းဆီးနေတာဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ဖက်ကိုသွားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြင့်ချထားတယ်လို့ သိရပါတယ်။

ရခိုင်ဒေသခံတွေဟာ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ ကျုံပျော်၊ ဟင်္သာတ စတဲ့မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်ဖို့အတွက် ရောက်ရှိနေခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ လအတော်ကြာမြင့်နေပြီး ဖြစ်တယ်လို့လည်း ဧရာဝတီရောက် ရခိုင်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

“ဧရာဝတီဖက်မှာတော့ ရခိုင်ကသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ပါတယ်။ ၁၁ / မျဥ်းစောင်း ကိုင်ထားတဲ့သူတွေဆိုရင် တန်းပြီဖမ်းသွားတာရှိပါတယ်။ ပိုက်ဆံပေးနိုင်ရင်တော့ သူတို့လက်ထဲက ပြန်လွတ်တာမျိုးတော့ရှိပါတယ်။ ပိုက်ဆံမပေးနိုင်ရင်တော့ လူငယ်တွေဆိုရင် စစ်သင်တန်းကို အပို့ခံရပါတယ်” လို့ အဆိုပါ ရခိုင်ဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများအပြားမှာ ဧည့်စာရင်းစစ်ဆေးတာ၊ စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်တွေရှာဖွေတာ၊ ဒေသခံအရပ်သားတွေကို အာရက္ခတပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြားမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုများပြားလာတာကြောင့် အဆိုပါမြို့နယ်တွေမှာ နေထိုင်ကြတဲ့ရခိုင်ဒေသခံတွေမှာလည်း တစ်နေရာကနေ တစ်နေရာကို သွားလာကြဖို့ ခက်ခဲကြမ်းတမ်းနေတယ်လို့လည်း သိရပါတယ်။

“အခု မြို့ပြင်ကိုတောင် မထွက်ရဲ့တော့ဘူး။ စစ်ကောင်စီတပ်က လိုက်ပြီးပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်ပါတယ်။ ဒီဖက်မှာက ရခိုင်တွေဆိုရင် ပိုပြီးသတိထားနေကြရပါတယ်။ ရခိုင်ကိုလည်း ပြန်လို့ကမရဘူး။ နောက်ထပ်တစ်နေရာကို သွားမယ်ဆိုရင်လည်း အခက်အခဲတွေရှိနေပါတယ်”

လို့ ဧရာဝတီတိုင်း ရေကြည်မြို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း ဧရာဝတီတိုင်းရှိ ငရုတ်ကောင်း၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ ရွှေသောင်ယံ၊ ငါးသိုင်းချောင်း၊ ရေကြည်စတဲ့ မြို့နယ်တွေက အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် ရခိုင်ဒေသခံ ၃၇ ဦးကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းကို အာရက္ခတပ်တော် AA က အခုနှစ် နှစ်ဆန်းမှာပိုင်းမှာ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ငသိုင်းချောင်းမြို့နယ်၊ မြောက်စမ်းကျေးရွာက အမြောက်တပ် အမတ ၃၄၄၊ လေမျက်နှာမြို့နဲ့ အင်္ဂပူမြို့ရှိ ပုသိမ် – မုံရွာလမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို ကျုံပျော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက စစ်ကားကြီးတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ်ပြုလုပ်နေတာရှိတယ်လို့လည်း ရေကြည်မြို့ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်ရိုးမတစ်လျှောက် ဧရာဝတီတိုင်းကရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူနဲ့ မြန်အောင်မြို့နယ်တွေ အထိ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post