မြေပြင်အင်အားလည်း(၂)ထောင်ခန့်ရှိကာ နေ့စဥ်တိုက်ပွဲဖြစ်ပွါးလျက်ရှိ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူအဖြစ် ဒရုန်းနဲ့လေယာဥ်တွေကိုသာမက တင့်ကားတွေ ဟောင်ဝှစ်ဇာ အမြောက်တွေကိုပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
စစ်ကောင်စီအနေဖြင့် သြဂုတ်လ ပထမအပတ်အတွင်း လွိုင်ကော်မြို့နဲ့၊ မိုးဗြဲမြို့တို့မှတဆင့် ငွေတောင်အခြေစိုက် ခလရ(၁၀၂)နဲ့ ခမရ(၄၂၇) တပ်ရင်းတို့မှာ စစ်အင်အားဖြည့်တင်းပြီးတဲ့နောက် ဒီးမော့ဆိုကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စကစ စစ်ကြောင်းတွေကို နယ်မြေကျွမ်းကျင်သူ ပအိုဝ်ပြည်သူ့စစ်(PNO)တပ်ဖွဲ့တွေက ရှေ့မှလမ်းပြကာ ခေါ်ဆောင်လာခြင်းဖြစ်ပြီး စစ်ကြောင်းထိုးလာချိန် ၁၀ရက်ကျော်အတွင်းမှာတင် ဒီးမော့ဆိုအရှေ့ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့အဆိုပါစစ်ကြောင်းတွေအတွင်း လက်နက်ကြီးပစ်ကူအဖြစ် ဒရုန်းနဲ့လေကြောင်းပစ်ကူတွေသာမက တင့်ကားတွေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေပါ ပါရှိပြီး အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
” ခုစစ်တပ်စစ်ကြောင်းထဲမှာက ဒရုန်း၊လေယာဥ်တွေပါတယ်၊ တင့်ကားနဲ့ဟောင်ဝှစ်ဇာတွေလည်းပါတယ်၊ ဒရုန်းဆိုလည်း တော်တော်ဆိုးဆိုးပဲ၊ လက်လုပ်ဆိုပေမဲ့ တော်တော်ပြင်းတယ်၊ ကိုယ်တွေဘက်က တစ်ချက်လောက်ပစ်ရင် အဲ့ဘက်က ၄လုံး၊၅လုံးလောက် ပြန်ပြန်ထုတာ၊ တစ်ခါပစ်ရင် တင့်ကားက၂ချက်ဟောင်ဝှစ်ဇာက၃ချက် အဲ့လိုတွေတွဲပစ်တက်တယ်”ဟု မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
ဒါတင်မက စစ်ကောင်စီအနေဖြင့် အခုနောက်ပိုင်းဒီးမော့ဆိုတိုက်ပွဲအတွင်း လေကြောင်းကိုလည်း အလွန်အကျွံအသုံးပြုတာတွေရှိနေပြီး တချို့တိုက်ပွဲတွေအတွင်း ၃နာရီနည်းပါးကြာမြင့်တဲ့အထိ လေကြောင်းမှ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မြေပြင်စစ်ကြောင်းတွေထဲမှာဆိုရင်လည်း ဒီးမော့ဆို စစ်ဆင်ရေးဂွင်တစ်ခုတည်းထဲမှာတင် စစ်တပ်အင်အား(၂၀၀၀)ခန့်အသုံးပြုထားတယ်လို့လည်း သိရပါတယ်။
အဆိုပါစစ်ကြောင်းတွေကို နယ်မြေကျွမ်းကျင်သူ ပအိုဝ်ပြည်သူ့စစ်(PNO)မှ ဦးဆောင်ကာ ကင်းပုန်းဝပ်တာတွေ၊ ရှေ့တိုးချီတက်တာတွေ ဆောင်ရွက်နေပြီး နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေများပေမဲ့ ယခုနောက်ပိုင်းမှာတော့ လေကြောင်းသုံးကာ အလောင်းတွေကို မရရအောင် ပြန်ယူသွားလေ့ရှိတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။
” ဒီးမော့ဆို ဂွင်တစ်ခုတည်းမှာကို (၂၀၀၀) လောက်ရှိတယ်လို့ ခန့်မှန်းရတယ်ဗျ၊ ထိတွေ့တွေကတော့ နေ့တိုင်းကိုဖြစ်တယ်၊ လှုပ်ရှားသွားတိုင်း ဒီကောင်တွေ ကင်းပုန်းနဲ့အမြဲတိုးတာ၊ ဒါပေမဲ့ ခုနောက်ပိုင်းတိုက်ပွဲတွေမှာဆိုရင် စကစ က သေတာတွေရှိပေမဲ့ အရင်လိုမဟုတ်တော့ဘူး၊ အလောင်းတွေ ပြန်ရအောင် ယူသွားတယ်”
စစ်ကောင်စီအနေဖြင့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကိုသာမက ဘောလခဲ၊ ဖရူဆိုနဲ့ လွိုင်ကော်နဲ့အခြားမြို့တွေမှာပါ ယခုလပိုင်းအတွင်း စစ်အင်အားဖြည့်တင်းတာတွေပြုလုပ်လျက်ရှိပြီး တော်လှန်ရေးအင်အားစုတွေရှိရာနေရာတွေကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
Photo-ပုံဟောင်း